Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ဗိုလ်ချုပ်တိုးရီကပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ်အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရန် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ တားဆီးနှိမ်နင်းလျက်ရှိ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အခဲများကြုံတွေ့နေရသဖြင့် ရှာဖွေကူညီကယ်တင်ပေးခဲ့သည့် နိုင်ငံ ခြားသားပေါင်း(၁၂၄၂)ဦးရှိပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်ဟု ဗိုလ်ချုပ်တိုးရီက ပြောကြားခဲ့သည်။
ထို့နောက် ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခြင်းတို့ဆောင်ရွက်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။