ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။
သင်တန်းအား RCSS/SSA ၏ ရည်ရွယ်ချက်များနှင့်အညီ RCSS ၏ အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် နယ်မြေ (၁) မိုင်းပန်၊ နယ်မြေ (၂) ကျိုင်းတောင်း၊ နယ်မြေ (၃) လင်းခေး၊ နယ်မြေ (၄) မိုးနဲ-မောက်မယ်၊ နယ်မြေ (၅) မိုင်းပွန် – လွယ်လင်၊ နယ်မြေ (၁၁) ရှမ်းရှေ့၊ နယ်မြေ (၁၂) ကာလိ- ကွန်ဟိန်းနှင့် နိုင်ငံရေးဌာနတို့မှ သင်တန်းသား (၁၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။