Tik Tok ဆော့ရင်းအသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်နှစ်ဦး၏မိဘများက Tik Tok အားတရားစွဲ
ဝါရှင်တန်၊ဇူလိုင် ၈
အမေရိကန်၌ Tik Tok ၏ Blackout challenge တွင်ပါဝင်ဆော့ကစားရင်း အသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်နှစ်ဦး၏မိဘများက Tik Tok ကုမ္ပဏီအားတရားစွဲဆိုလိုက်သည်။
ကလေးမိဘများက TikTok ဆော့ဖ်ဝဲလ်သည် Blackout Challenge ကို “ရည်ရွယ်ချက်ရှိရှိနဲ့ ထပ်ခါတလဲလဲ” တွန်းအားပေးနေသည်ဟု စွပ်စွဲကာ လော့စ်အိန်ဂျယ်လိစ် ပြည်နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
Social Media Victims Law Center မှ ရှေ့နေတစ်ဦးဖြစ်သူ မစ္စတာ Matthew Bergman ကမူ TikTok သည် အဆိုပါ မိန်းကလေးငယ်နှစ်ဦးအား သေစေလောက်သောအကြောင်းအရာများကို တွန်းအားပေးခြင်းအတွက် တာဝန်ရှိပြီးတာဝန်ယူရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
Blackout challenge ကို ဆော့ကစားပြီး သေဆုံးသွားသူ မိန်းကလေးများသည်အသက် ၈ နှစ်နဲ့ ၉ နှစ် အရွယ်များဖြစ်ပြီး အဆိုပါကစားနည်းကိုကစားရာတွင် ကြိုးနှင့် ခွေးချည်ကြိုးကို အသုံးပြုခဲ့ကြသည်ဟုသိရှိရသည်။
၎င်းတို့၏မိဘများက TikTok စွပ်စွဲရာတွင် အီတလီနှင့် သြစတြေးလျတို့ရှိ အလားတူသေဆုံးမှုများကိုလည်း နမူနာအဖြစ်စာရင်းပြုစုထားသည်။
TikTok သည် ၎င်း၏အယ်လ်ဂိုရီသမ်မှတစ်ဆင့်ကလေးများကို ဖမ်းစားခြင်းနှင့် အန္တရာယ်ရှိသော စိန်ခေါ်ကစားနည်းများကို ရပ်တန့်ရန် တရားသူကြီးကိုတောင်းဆိုရာတွင် သေဆုံးသူများ၏မိဘများက ” Skull Breaker Challenge ” ” Coronavirus Challenge ” နှင့် ” Fire Challenge “စသည့် အန္တရာယ်ရှိသောစိန်ခေါ်ကစားနည်းများကိုလည်း ကိုးကားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအခြေစိုက် ByteDance မှ ပိုင်ဆိုင်သော TikTok သည် တစ်ခါတစ်ရံတွင် အန္တရာယ်ရှိသောနေရာများ၌ အသုံးပြုသူများကိုယ်တိုင်ပါဝင်ရိုက်ကူးသည့် စိန်ခေါ်ကစားနည်းများစွာကို စိတ်ပါလာအောင်ပြသထားသဖြင့် နည်းပညာကျွမ်းကျင်သူများနှင့် အသုံးပြုသူအများအပြားက စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။
(Blackout challenge – အောက်ဆီဂျင်ပြတ်၍ သတိလစ်သည်အထိ မိမိဘာသာအသက်အောင့်သည့်ကစားနည်း)
(Skull Breaker challenge – လူတစ်ဦး၏ခြေထောက်ကို ကျန်နှစ်ယောက်ကဖြတ်ကန်ပြီးကစားသည့်ကစားနည်း၊ထိုသို့ကစားရာတွင်အကန်ခံရသူသည်နောက်သို့လဲကျချိန်တွင် အခန့်မသင့်ပါကခေါင်းကွဲ၍သေဆုံးနိုင်)
(Coronavirus challenge – မိမိကိုယ်ကို ကိုဗစ်ကူးစက်အောင်ပြုလုပ်သည့်ကစားနည်း။အချို့ Tik Tok ဆယ်လီများက အများသုံးအိမ်သာကိုလျှာဖြင့်လျက်ပြီး ကိုဗစ်ကူးစက်အောင်ပြုလုပ်ကြသည်)
(Fire challenge – အသုံးပြုသူများကမှန်ပေါ်တွင်မီးတောက်နိုင်သည့်ဓာတုပစ္စည်းများဖြင့်လိုသလိုပုံဖော်ကြသည်။ပြီးနောက်မီးမှိတ်ကာ မှန်ပေါ်တွင်မိမိဖော်ထားသည့်ပုံအတိုင်းမီးတောက်စေရန် မီးရှို့ကစားသည့်ကစားနည်း)
Source – WioNews
Telegram တွင်ဖတ်ရန်>>https://t.me/popularjournal