TikTok သည် လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် ဘတ် ၃၀၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ရာ ထိုင်းနိုင်ငံကို အာရှ၏ နည်းပညာဗဟိုချက်ဖြစ်လာစေရန် ကူညီကာတွန်းအားပေးသွားမည်ဖြစ်သည်။
TikTok ၏ ပြည်သူ့ရေးရာမူဝါဒ ဒုတိယဥက္ကဌ Helena Lersch နှင့် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာတို့ သောကြာနေ့က ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ယင်းကဲ့သို့ ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောကားခဲ့သည်။
ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအတွက် ထိုင်းအစိုးရ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်း မစ္စ Lersch က ပြောခဲ့သည်ဟုလည်း သူက ပြောသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေသည့် မူဝါဒများကို ချမှတ်ဖော်ဆောင်ပေးသည့်အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ကြောင်းနှင့် ထိုင်းပြည်သူများကို ဒစ်ဂျစ်တယ်ခေတ်သို့ ကူညီ ပို့ဆောင်ရာတွင် အစိုးရ၊ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်ဆောင်ရွက်သွားရန် TikTok ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းလည်း သူက ပြောသည်။
တရုတ်လူမျိုးပိုင် ကုမ္ပဏီသည် လာမည့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈ ဘီလျံ( ထိုင်းဘတ် ၃၀၀ ဘီလျံ) ကို ရင်းနှီးမြှုပ်နှံသွားမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး နိုင်ငံ၏ နည်းပညာအခြေခံအဆောက်အဦကို ခိုင်မာစေရန် အဓိက ထား လုပ်ဆောင်သွားမည်ဟုလည်းသူက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်