UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ နေထိုင်သွားလာမှုအတွက် လူကယ်ပြန်မှညှိနှိုင်းဆောင် ရွက်ပေးနေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးမှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်တွင်းနေထိုင်ခွင့်၊ ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်များအတွက် ဝန်ကြီးဌာနမှညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNHCR တို့ကြား နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အလားတူ UNHCR မှ ရေဘေးသင့်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့သည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။