လျှပ်စစ်သုံး EV ကားများနှင့် ဆက်စပ်ပစ္စည်းများပြပွဲအား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် မေ (၁၂) ရက်မှစတင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မေ (၄)ရက် မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည့် လျှပ်စစ်သုံးယာဉ် EV မော်တော်ယာဉ်များ ပြပွဲကျင်းပနိုင်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတက်ရောက်ကာ ပြပွဲအား အချိန်ကန့်သတ်၍ အမြန်ဆုံးကျင်းပကာ ကုမ္ပဏီများမှ EV ကားများအပြင် Charging Station နှင့် ဆက်စပ်ပစ္စည်းအမျိုးအစားများစုံလင်စွာပြသသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီများမှ တာဝန်ရှိသူများကလည်း လက်ရှိတင်သွင်းထားသည့် ကားအမျိုးအစားများနှင့် အရေအတွက်၊မှာယူထားသည့် ကားအမျိုးအစား အရေအတွက်နှင့်ရောက်ရှိမည့်ရက်၊ ပြပွဲအတွက် လိုအပ်ချက်များ၊ ပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ရန် အချိန်ကန့်သတ်ချက်များနှင့် ရန်ကုန်မြို့တွင်းနှင့် မြို့ပြင်ပြေးဆွဲနေသည့် EV ကားများ၏ အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းပြပွဲတွင် လျှပ်စစ်သုံး EV ကားများ တင်သွင်းဖြန့်ဖြူးပြီး အမြန်အားသွင်းစနစ် Charging Station များတည်ဆောက်သည့် Chin Dwin Shan Co. (CDS), Essential Motors Co., Ltd (EM), Myanmar Brillance Auto Co.(MBA), Asia Pacific Automaker Corporation (AP AC), NPK Motors Co.,Ltd. နှင့် Super Seven Star (SSS) တို့မှ လျှပ်စစ်သုံး EV ကားများနှင့် ဆက်စပ်ပစ္စည်း အမျိုးအစားများစွာအား ခင်းကျင်းပြသသွားမည်ဟု သိရသည်။
သဘာဝ ပတ်ဝန်းကျင်ထိခိုက်လာမှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ လေထုညစ်ညမ်းမှု များလာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးကို သက်ရောက်မှုများဖြစ်ပေါ်လာ၍ ဇီဝရုပ်ကြွင်းသုံးစွဲမှု လျှော့ချနိုင်ရန် လျှပ်စစ်သုံး EV ကားများပြေးဆွဲအသုံးပြုရေးအတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရှေ့ပြေးဆောင်ရွက်လျက်ရှိသည်။


