တာ့က်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား (၁၃) ဦးနှင့်ကားမောင်း ပို့ဆောင်ပေးသည့် ထိုင်းနိုင်ငံသားတို့ ဖမ်းဆီးခံရ

0
93

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်၌ ဇန်နဝါရီ (၂၂) ရက်ညပိုင်းက တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၃) ဦးနှင့် ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက တာ့က်ခရိုင်မှတာဝန်ရှိသူများသည် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံသားများရှိနေကြောင်း သတင်းအရ ဝမ်ကျောက်မြို့နယ်၊ နာဘိုကျေးရွာအုပ်စုအနီး၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ပြုလုပ်နေစဥ် မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးအား တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ကားမောင်းသူမှ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိပြီးနောက် ယာဉ်အတွင်း၌ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၆) ဦးနှင့်အမျိုးသမီး (၇) ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းသူနှင့် မြန်မာနိုင်ငံသားများအား ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here