ဘုရားသုံးဆူမြို့တွင် ဌာနဆိုင်ရာရုံးများ မီး လောင်မှုဖြစ်ပွားကာ လက်နက်ကြီးနှင့်သေနတ်ပစ်ခတ်မှုများရှိခဲ့ ထိခိုက်ဒဏ်ရာရသူများရှိ

0
295

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့တွင် ဇန်နဝါရီ ၂၃ ရက်ညပိုင်းက ဌာနဆိုင်ရာရုံးများမီးလောင်မှုဖြစ်ပွားကာ လက်နက်ကြီးနှင့်သေနတ်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၉ နာရီခွဲကျော်ခန့်မှစတင်၍ လက်နက်ကြီးပစ်ခတ်မှုအချို့ရှိခဲ့ပြီးနောက် သေနတ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ ဌာနဆိုင်ရာရုံးများမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဌာနဆိုင်ရာရုံး ၃ ရုံးမီးလောင်တယ် တစ်ချို့ကပြောတော့လည်း ရုံးတွေကမီးရှို့ခံရတာလို့လည်းပြောကြတယ် မြို့ပေါ်မှာတိုက်ပွဲဖြစ်တာလည်းရှိတော့ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ် လူဦးရေအတိအကျတော့မသိသေးဘူး”ဟု ကော့ကရိတ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဘုရားသုံးဆူမြို့ရှိ စစ်ထောက်လှမ်းရေးရုံး(စရဖ)၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတို့ မီးလောင်ကျွမ်းခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“မီးလောင်တာကိုလည်း အနီးနားကလူတွေကဝိုင်းငြှိမ်းရတာပေါ့ နောက်ပြီး သေနတ်ပစ်တာကလည်း မြို့ပေါ်မှာကိုအပြန်အလှန်ပစ်တာဆိုတော့ မီးငြှိမ်းတဲ့လူတွေလည်း ထိမှာကြောက်တဲ့အတွက် လွတ်တဲ့နေရာဝင်ပုန်းရတော့ ပျက်စီးမှုများသွားတာပါ လက်ရှိကတော့ငြိမ်နေတယ်”ဟု ကော့ကရိတ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ဘုရားသုံးဆူမြို့တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းများက လိုက်လံရှာဖွေကာ ပြုစုကုသပေးကာ ဆေးရုံသို့ပို့ဆောင်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူအများအပြားလည်းရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here