အာရှအမျိူးသမီး ယူ-၂၀ ခြေစစ်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာအမျိုးသမီးအသင်း လေ့ကျင့်မှုများပြုလုပ်နေ

0
129

၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ခြေစစ်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပဏာမ လက်ရွေးစင် မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် လေ့ကျင့်မှုများပြုလုပ်နေကြပြီဖြစ်သည်။

၂၀၂၂ ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ရန်ကုန်မြိုတွင် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး မြန်မာအမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြ‌ချုပ်အဖြစ် ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်နွယ်နွယ်တိုးနှင့် ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြအဖြစ် ဒေါ်မေခင်ယမင်းတို့က တာဝန်ယူ ဆောင်ရွက်နေပြီး စခန်းသွင်းလေ့ကျင့်မှု စတင်ချိန်တွင် ပဏာမ ကစားသမား ၃၈ ဦးရွေးချယ်ခဲ့ကာ လက်ရှိတွင် ၃၂ ဦးဖြင့် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ပဏာမ အမျိုးသမီး ယူ-၂၀ ကစားသမားများကို ရွေးချယ်ရာတွင် ပြီးခဲ့သည့်နှစ် အမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများ၊ ယူ-၁၉ နှင့် ယူ-၁၆ လက်ရွေးစင်များ၊ အား/ကာသိပ္ပံများမှ ကစားသမားများအပြင် နေပြည်တော်တွင် ကျင်းပခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သော ကစားသမားများကိုပါ ပေါင်းစပ် ရွေးချယ်ထားခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် လာမည့် မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စု ပထမရသော အသင်း (၈)သင်းသည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် အုပ်စုနှစ်ခုခွဲ၍ ဒုတိယအဆင့် ခြေစစ်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here