နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပါတီများမဖြစ်ရန်လို

0
182

နိုင်ငံတစ်ဝန်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အကြားအလပ်မရှိကျင်းပနိုင်ရန် ပြင်ဆင်နေပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်ခြင်း မရှိကြရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားသည်။

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်၍ မည်သည့်အခြေအနေရှိသည်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

နစကအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)အား ဇန်နဝါရီ ၂၃ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်စဉ် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်သူများအားလုံး အကြားအလပ်မရှိမဲပေးနိုင်ရန်လိုကာ ဆွေးနွေးပြီးသည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့်သဘောတူညီမှုရရှိပြီးဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံတဝန်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြည်သူအားလုံးခြိမ်းခြောက်မှုအကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ဖို့ကို ဦးတည်ဆောင်ရွက် ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ရွေးကောက်ပွဲပြုလုပ်ရန် နိုင်ငံရေးပါတီများရှိနေရမည်ဖြစ်ကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့် ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း လိုအပ်သည်များကို ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတွေကို မှတ်ပုံတင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံရေးပါတီတွေ မဖြစ်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ရုံးများအား အပြည့်အစုံ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ မဲစာရင်းများမှန်ကန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိစာရင်းဇယားများ မှန်ကန်စွာရရှိမှသာ မဲစာရင်းများမှန်ကန်မည်ဟု ဆိုသည်။

ရွေးကောက်ပွဲအား ပြည်သူများအားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိကျင်းပနိုင်ရန်လိုပြီး သမာသမတ်ရှိသည့် ရွေးကောက်ပွဲ၊စနစ်ကျသည့်ရွေးကောက်ပွဲဖြစ်ရန်လိုသည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here