ဆွီဒင်အား နေတိုးအဖွဲ့ဝင်အဖြစ် ထောက်ခံမည်မဟုတ်ဟု တုကီယေးသမ္မတဆို

0
148

ဆွီဒင်နိုင်ငံတွင် ကုရ်အာန်ကျမ်းစာအုပ်အား မီးရှို့ဖျက်ဆီးခဲ့၍ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ ဆွီဒင်အား နေတိုးအဖွဲ့ဝင်အဖြစ် တုကီယေးက အတည်ပြု လက်မှတ်ရေးထိုးပေးမည့် အခွင့်အရေးမှာ နည်းပါးလာခဲ့ပြီ ဖြစ်သည်။

နေတိုးအဖွဲ့ဝင်အများစုသည် ဆွီဒင်နှင့် ဖင်လန်တို့ နေတိုးအဖွဲ့သို့ ဝင်ရောက်လာမည့်အပေါ် လက်ခံကြိုဆိုကြသော်လည်း တုကီယေးမှာမူ ဆွီဒင်နှင့် ပြဿနာများစွာ ရှိနေပြီး သံတမန်ရေးအရ အငြင်းအခုံဖြစ်နေကာ ဆွီဒင်ထံမှ တောင်းဆိုမှုများစွာ ပြုလုပ်ထားသည်။

ထိုသို့ ပြဿနာများစွာရှိနေချိန်တွင် ဒိန်းမတ်လူမျိုး တက်ကြွလှုပ်ရှားသူ ရက်စ်မူ့စ် ပယ်လူဒန်သည် ဇန်နဝါရီလ ၂၁ နေ့က စတော့ဟုမ်းမြို့ရှိ တုကီယေး သံရုံးအပြင်ဘက်တွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူများ၏ အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ပြခဲ့သဖြင့် ဆွီဒင်ကို တုကီယေး ကအမျက်ထွက်နေသည်။

တုကီယေးသမ္မတ အဲဒိုဝန်က ၎င်းတို့သည် ဆွီဒင်အား နေတိုးအဖွဲ့ဝင်အဖြစ် ထောက်ခံမည်မဟုတ်ကြောင်းနှင့် ရက်စ်မူ့စ် ပယ်လူဒန်၏ ကုရ်အာန်အား မီးရှို့ဖျက်ဆီး၍ ဆန္ဒပြခြင်းမှာ အထူးသဖြင့် မွတ်ဆလင်လူမျိုးများအပေါ် စော်ကားခြင်းဖြစ်ပါသဖြင့် ရှုတ်ချပါကြောင်း ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့က ပြောကြားခဲ့သည်။

ထို့ပြင် အဲဒိုဝန်သည် စတော့ဟုမ်းမြို့ရှိ တုကီယေး သံရုံးအပြင်ဘက်တွင် ဆန္ဒပြပွဲ ကျင်းပရန် ခွင့်ပြုခဲ့သည့်အတွက်လည်း ဆွီဒင်အာဏာပိုင်များအား ဝေဖန်ခဲ့သည်။

ဆွီဒင်ဘက်မှ တုကီယေးနှင့် မွတ်ဆလင်လူမျိုးများကို မလေးစားပါက နေတိုးအရေးနှင့် ပတ်သက်၍ ၎င်းတို့ထံမှ ပံ့ပိုးကူညီမှု တစ်စုံတစ်ရာပင် ရရှိမည် မဟုတ်ဟုလည်း အဲဒိုဝန်က ပြောခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here