လာမည့် ရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော

0
301

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်နေကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

နစက ဥက္ကဋ္ဌအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ပြိုင်ဖို့ ရည်မှန်းထားတယ်။ အကြားအလပ်မရှိပေါ့ဗျာ ။ (၁၇) မြို့နယ်လုံးမှာပြိုင်မယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ထို့အပြင် ပြည်မနှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် ဝင်ရောက် အရွေးခံရန် ကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေအသစ်နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်များထွက်ပေါ်လာပြီးမှသာ အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပါတီဝင်အင်အားတိုးခြင်း၊ ပါတီရုံးခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း စသည့် ကိစ္စရပ်များကို လုပ်ဆောင်ခြင်း မရှိဘဲ နောက်ဆုတ်ထားကြောင်းလည်း သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အင်အားနည်းသည့် နိုင်ငံရေးပါတီငယ်များအနေဖြင့် မဟာမိတ်ဖွဲ့ရမည့် အလားအလာ ရှိနေပြီး လက်ရှိပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် မဟာမိတ်ဖွဲ့ခွင့် ပေးမထားကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နစကအဖွဲ့အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ များပြားလွန်းနေပြီး ပြည်သူကို ကိုယ်စားပြုနိုင်မှု အားနည်းသည်ကို တွေ့ရသည့်အတွက် ပါတီများအနေဖြင့် စုစုစည်းစည်းနှင့် ကျစ်လစ်ခိုင်မာစွာ ပြည်သူကို ကိုယ်စားပြုနိုင်ရန် ကြိုးစားသင့်ကြောင်း ထည့်သွင်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here