မရမ်းကုန်းမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
280

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်တွင် ဇန်နဝါရီ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲကျော်ခန့်က မရမ်းကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ၂ လမ်းတွင် အမည်မသိအမျိုးသား ၂ ဦးက ဦးကျော်မင်းသန်း(၄၅)နှစ်ခန့်နှင့်ဒေါ်နော်စောမွန်မြတ်(၄၅)နှစ်ခန့်တို့အား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ပစ်ခတ်မှုဖြစ်ပွားခဲ့တာရယ် ၂ ဦးသေဆုံးတယ်ဆိုတာဟုတ်ပါတယ် ဘာ့ကြောင့်ပစ်ခတ်ခံရတယ်ဆိုတာတော့မသိပါဘူး Dead Body ကို ကျွန်တော်တို့အသင်းကသွားသယ်ပေးခဲ့ရတာမရှိပါဘူး သေဆုံးတဲ့ ၂ ယောက်ကအရောင်းအဝယ်လုပ်တဲ့လူတွေလို့သိထားတယ်”ဟု မရမ်းကုန်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကျော်မင်းသန်းနှင့်ဒေါ်နော်စောမွန်မြတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးကာ ပြစ်မှုကျူးလွန်သူ ၂ ဦးကိုဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here