မန္တလေး ၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ပီနံအိတ်စက်ရုံတွင် Level 3 အဆင့်မီးလောင်မှုဖြစ်ပွား

0
360

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(စျ)ရပ် ကွက်ရှိ ပီနံအိတ်စက်ရုံတွင် ဇန်နဝါရီ ၂၇ ရက် (ယနေ့)နံနက်အစောပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊(ဈ)ရပ်ကွက်၊ကနောင်မင်းသားကြီးလမ်းနှင့်လမ်း ၇၀ ရှိ ပီနံအိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် နံနက် ၃ နာရီ ၃၂ မိနစ်တွင် Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့သော်လည်း မီးငြိမ်းခြင်းမရှိ၍ နံနက် ၄ နာရီ ၂၁ မိနစ်တွင် Level 3 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၅ နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၄၇ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့ကြာချိန်က ၂ နာရီခွဲကျော်လောက်ရှိတယ် ပီနံအိတ်တွေဆိုတော့ ပိုဆိုးတာပေါ့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး မီးခိုးမွှန်တာတွေလောက်တော့ရှိတယ် မီးသတ်တပ်ဖွဲ့ဝင်တွေကော လူမှုကူညီရေးအသင်းဝင်တွေကောအများကြီးပဲဝိုင်းငြှိမ်းခဲ့ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here