ရေကန်ဆင်းဆယ်ရာမှ ရေကန် Ground Tank အတွင်း အမျိုးသား ၄ ဦးပြုတ်ကျ၍ ၂ ဦးသေဆုံးခဲ့မှု လားရှိုးမြို့တွင်ဖြစ်ပွား

0
249

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ ၁၂ ရပ်ကွက်ရှိ စက်မှုအထက်တန်းကျောင်းဝင်းအတွင်း၌ ဇန်နဝါရီ ၂၇ ရက်(ယနေ့)မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့တို့မှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်က လားရှိုးမြို့၊ ၁၂ ရပ်ကွက်ရှိ စက်မှုအထက်တန်းကျောင်းဝန်းအတွင်း၌ ရေကန်ဆင်းဆယ်သည့် အမျိုးသား ၄ ဦးသည် ရေကန် Ground Tank အတွင်းပြုတ်ကျသွားခဲ့ကြောင်း သတင်းအရ လားရှိုးမြို့နယ်မီးသတ်စန်းမှတပ်ဖွဲ့ဝင်များ၊လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့၊လားရှိုးမြို့ကြက်ခြေနီအဖွဲ့၊ကမ္ဘောဇပရဟိတအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“သိရသလောက်ဆိုရင်ခြေချော်ပြီးပြုတ်ကျသွားကြတာ ဖုန်းသတင်းရရခြင်းသွားပြီးကူညီပေးခဲ့တယ် ၂ ယောက်ကိုတော့ အသက်ရှင်ရက်ကယ်နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့သေဆုံးသွားပါတယ် ကယ်ဆယ်ချိန်တစ်နာရီလောက်ရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေကန် Ground Tank အတွင်းပြုတ်ကျသွားသူ အမျိုးသား ၄ ဦးအနက် အမျိုးသား ၂ ဦးမှာသေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦးမှာ(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား လူမှုကူညီရေးအသင်းကားများဖြင့် လာရှိုးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here