ဂျပန်ကမ်းလွန်ပင်လယ်ပြင်၌ နစ်မြုတ်ခဲ့သည့် နိုင်ငံခြားကုန်တင်သင်္ဘောတွင်လိုက်ပါခဲ့သည့် မြန်မာသင်္ဘောသား ၈ ဦးအနက် ၂ ဦးသေဆုံး ၅ ဦးပျောက်ဆုံးဆဲဖြစ်ကာ ၁ ဦးအသက်ရှင်

0
233

ဂျပန်နိုင်ငံ၊ Nagasaki ကမ်းလွန်ပင်လယ်ပြင်၌ နစ်မြုတ်ခဲ့သည့် နိုင်ငံခြားကုန်တင်သင်္ဘောတွင် လိုက်ပါခဲ့သည့် မြန်မာသင်္ဘောသား ၈ ဦးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့က ဇန်နဝါရီ ၂၇ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာသင်္ဘောသား ၈ ဦးအပါအဝင် သင်္ဘောသား ၂၂ ဦးလိုက်ပါခဲ့သည့် နိုင်ငံခြားကုန်တင်သင်္ဘော Jin Tian သည် ဂျပန်နိုင်ငံ၊အနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီ ၂၅ ရက်နံနက် ၂ နာရီခွဲက နစ်မြုတ်ခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ဂျပန်နိုင်ငံမှတာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရာ လက်ရှိအချိန်၌ သင်္ဘောသား ၁၃ ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ယင်း သင်္ဘောသားများအနက် မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကာ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးအသက်ရှင်လျက်ရှိကာ ကျန်မြန်မာနိုင်ငံသား ၅ ဦးမှာပျောက်ဆုံးလျက်ရှိသည်ဟု မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် သင်္ဘောသားများအား ပြန်လည်တွေ့ရှိနိုင်ရန် ဂျပန်နိုင်ငံမှတာဝန်ရှိသူများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာသံရုံး၊တိုကျိုမြို့မှ အသက်ရှင်လျက်ရှိသည့် မြန်မာသင်္ဘောသားနှင့် ဇန်နဝါရီ ၂၆ ရက်က အဆက်အသွယ်ရရှိခဲ့ကာ မြန်မာသင်္ဘောသားသည် ဘေးကင်းလုံခြုံသည့်နေရာသို့ရောက်ရှိပြီးဖြစ်၍ ထောက်ပံ့မှုကိစ္စများ၊ ကောင်စစ်ဆိုင်ရာများနှင့်လိုအပ်သည်များကိုဆက်သွယ်ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မြန်မာသံရုံး၊တိုကျိုမြို့မှ ဂျပန်နိုင်ငံရှိသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ၊သင်္ဘောကုမ္ပဏီကိုယ်စားလှယ်တို့နှင့်ဆက်သွယ်၍ ပျောက်ဆုံးနေဆဲ မြန်မာသင်္ဘောသားများသတင်းအားစုံစမ်းလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here