မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များအား ပြေးဆွဲမှုယာယီရပ်ဆိုင်းထား

0
248

မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသည့် ရထားခရီးစဥ်များအား ဇန်နဝါရီ ၂၇ ရက်(ယနေ့)မှစတင်၍ ပြေးဆွဲမှု ယာယီရပ်နားခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

ထိုသို့ ရထားပြေးဆွဲမှုယာယီရပ်နားခဲ့ရခြင်းမှာ ဇန်နဝါရီ ၂၆ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း၏ မုပ္ပလင်ဘူတာနှင့်ကျိုက္ကသာဘူတာကြားရှိ ခလွန်ချောင်းကူးတံတားအမှတ်(၄၁)၊မိုင်တိုင်အမှတ်(၈၈)တွင် မိုင်းပေါက်ကွဲခဲ့၍ ရထားဖြတ်သန်းမရသဖြင့် ရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။

ရထားလမ်းတံတားကြံ့ခိုင်မှုမရှိသည့် အခြေအနေကြောင့် ဇန်နဝါရီ ၂၇ ရက်(ယနေ့)တွင် မော်လမြိုင်ဘူတာမှထွက်ခွာမည့် အမှတ် ၈၂ အစုန် RBE ရထားနှင့်အမှတ် ၉၀ အစုန်လေအိတ်အမြန်ရထားခရီးစဥ်များကိုလည်း ယာယီဖျက်သိမ်းခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၇ ရက်အတွက် ရထားလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအား မော်လမြိုင်ဘူတာကြီး၏ နေ့ချင်းလက်မှတ်ရုံတွင် လက်မှတ်ခငွေများပြန်လည်ပေးချေပေးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ မနက် ၆ နာရီကစပြီး ဒီနေ့ခရီးစဥ်အတွက် ရထားလက်မှတ်ဝယ်ထားတဲ့လူတိုင်းကို နေ့ချင်းလတ်မှတ်ရုံမှာ လက်မှတ်ခပြန်ပေးနေပါတယ် ခန့်မှန်း ရထားပြေးဆွဲမှု တစ်ပတ်လောက်တော့ရပ်နားရမှာပါ”ဟု မော်လမြိုင်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ကြံ့ခိုင်မှုအားနည်းသွားသည့် ရထားလမ်းတံတားအား မြန်မာ့မီးရထားမှတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းပြန်ပွင့်၍ ရထားများပြန်လည်ပြေးဆွဲမည့် နေ့ရက်အားပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here