မြန်မာ-ရုရှား နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်းရေးနှင့်ပို့ဆောင်ရေးကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
525

နစက အဖွဲ့ဝင်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းမှရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ တို့ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကလက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်းလမ်း၊ရထား၊ရေကြောင်း၊လေကြောင်း၊ဆိပ်ကမ်း စသော ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသောလုပ်ငန်းများအားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်းရေး၊ဆက်သွယ်ရေးကဏ္ဍ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦးတည်ဆောက်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံရေး၊ဆိုက်ဘာလုံခြုံရေး၊နိုင်ငံတော်အတွင်း လျှပ်စစ်ရထား၊လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုရန်ဆောင်ရွက်လျက်ရှိမှုနှင့်ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းရေကြောင်းနှင့်ကမ်းရိုးတန်းသွားရေယာဉ်အသုံးပြုရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ကျွမ်းကျင်သူများကြား ဆွေးနွေးရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ဌာနအကြီးအမှူးများ၊ရုရှား -မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here