မော်စကိုက ယူကရိန်းသို့ လက်နက်မထောက်ပံ့ရန် အစ္စရေးအား သတိပေးလာ

0
244

မော်စကို၊ ဖေဖော်ဝါရီ ၁

ရုရှားသည် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ရန် ပြင်ဆင်နေသော အစ္စရေးအား ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ကိယက်ဗ်သို့ စစ်ရေးအကူအညီများ ပေးပို့ရန် စဉ်းစားနေကြောင်းနှင့် အရေးအခင်းတွင် ကြားနေ ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ယခုကဲသို့ ရုရှား၏ သတိပေးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ယူကရိန်းကို ထောက်ပံ့တဲ့လက်နက်တွေဟာ ရုရှားစစ်တပ်ကို တရားဝင် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး မှတ်ယူမယ်ဆိုတာ လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံအားလုံး နားလည်ထားသင့်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇက်ခါရာဗာ က သတင်းထောက်များအား ပြောကြားခဲ့သည်။

လက်နက်များအား ပေးပို့ထားခြင်းသာမက ပေးပို့မည်ဟု ကြေညာခြင်းသည်ပင်လျှင် အရေးအခင်းအား ပို၍အရှိန်မြင့်စေမည်ကိုလည်း လူတိုင်း သတိထားသင့်ကြောင်း သူက သတိပေးခဲ့သည်။

အစ္စရေးသည် အရေးအခင်းစတင်ကတည်းက ကြားနေနိုင်ငံအဖြစ်နေခဲ့သော်လည်း အမေရိကက အရေးအခင်းတွင် ပိုမိုတက်ကြွစွာ ပါဝင်ပတ်သက်ရန် တောင်းဆိုလာပြီးနောက် ယခုအခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here