ဆူရှီဆိုင်ရှိ ပစ္စည်းများအား လျှာဖြင့် လျှက်ပြီး ဗီဒီယိုတင်ခဲ့သော ကောင်လေးကြောင့် ဂျပန်စားသောက်ဆိုင်ရှိ စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းလာ

0
271

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးသည် ဆူရှီစားသောက်ဆိုင်ရှိ အများသုံး ငံပြာရည်ဘူး၏ နှုတ်ခမ်းပိုင်းကို လျှာဖြင့် လျှက်ကာ အစားအသောက်များကိုလည်း လက်ဖြင့် ထိတွေ့ခဲ့သည့်ပုံများကို ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ်တွင် တင်ခဲ့ပြီးနောက် ဂျပန်စားသောက်ဆိုင်တစ်ခု၏ စတော့ရှယ်ယာတန်ဖိုးများ ထိုးကျသွားကြောင်း သိရသည်။

ဆူရှီအကြမ်းဖက်သူဟု အမည်ပေးထားသော အဆိုပါ ကောင်လေးသည် ဂျပန်နိုင်ငံရှိ ဆူရှီများအား အလိုအလျောက် ရွေ့လျားပို့ချပေးသည့် စက်ခါးပတ် စားသောက်ဆိုင်များတွင် အစားအသောက်များကို တမင်သက်သက် ညစ်ညမ်းအောင်လုပ်ကာ အွန်လိုင်းပေါ်တွင် နောက်ပြောင်ကျီစယ်၍ ဗီဒီယိုတင်လေ့ရှိသူများထဲမှ တစ်ဦးဖြစ်သည်။

ထိုသို့သော ဗီဒီယိုများကြောင့် စတော့ရှယ်များ တန်ဖိုးများ ကျဆင်းခြင်း၊ စားသောက်ဆိုင်များကို ပြန်လည်မွမ်းမံရခြင်းနှင့် တရားဥပဒေအရ အရေးယူခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။

ဆူရှီအကြမ်းဖက်ခြင်းဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ ဗီဒီယိုထဲတွင် ကောင်လေးသည် အများသုံး ငံပြာရည်ပုလင်း၏ နှုတ်ခမ်းပိုင်းနှင့် လက်ဖက်ရည်ခွက်၏ နှုတ်ခမ်းသားကို လျှာဖြင့် လျှက်ကာ စင်ပေါ်ပြန်တင်ခဲ့ပြီး ဆူရှီတစ်ခုကိုလည်း လက်ဖြင့် ထိတွေ့ခဲ့သည်ကို တွေ့မြင်ရသည်။

အဆိုပါဗီဒီယိုသည် တွစ်တာပေါ်တွင် ကြည့်ရှုသူ သန်း ၄၀ နီးပါး ရှိနေပြီဖြစ်သည်။ ထိုဗီဒီယိုကို ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖု့မြို့ရှိ ဆူရှီယို စားသောက်ဆိုင်ခွဲတွင် ရိုက်ကူးခဲ့ရာ ထိုဆိုင်၏ မိခင်ကုမ္ပဏီတွင် စတော့ရှယ်ယာတန်ဖိုးသည် အင်္ဂါနေ့တွင် ငါးရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့သည်။

အလားတူ အခြားစားသောက်ဆိုင်များတွင်လည်း စားသုံးသူများသည် ဖြတ်သွားသော ဆူရှီများတွင် ဝါဆာဘီများ တင်ပေးခြင်း သို့မဟုတ် အများသုံး လက်ဖက်စိမ်းမှုန့်ဘူးရှိ ဇွန်းကို လျှာဖြင့် လျှက်နေသည့် အခြားဗီဒီယိုများလည်း ထွက်ပေါ်လာသည်။

ထိုသို့သော ဗီဒီယိုများအနည်းငယ်သာ ထွက်ပေါ်လာသော်လည်း သန့်ရှင်းမှုတွင် နာမည်ကြီးသော ဂျပန်နိုင်ငံသားများအတွက်မူ ထိုလုပ်ရပ်များသည် အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။

ထို့ကြောင့် စားသောက်ဆိုင်များသည် အဆိုပါစားသုံးသူများအား တရားဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ဂျီဂျီ သတင်းဌာနက ဖော်ပြထားသည်။

Source:Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here