နှင်းဆီပါတီကို Union Democracy Party ဟုအမည်ပြောင်းကာပြည်ထောင်စုအဆင့်ပါတီအနေဖြင့် မှတ်ပုံပြန်တင်ရန် ပြင်ဆင်နေ

0
507

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းက ပါတီဖျက်သိမ်းခံခဲ့ရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP (နှင်းဆီပါတီ)ကို ကြံ့ခိုင်ရေးပါတီနှင့် အပြိုင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြန်လည်မှတ်ပုံတင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အဆိုပါ ပါတီနှင့်နီးစပ်သည့် နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ၊ ငွေကြေးခဝါချမှု အပါအဝင် NLD အစိုးရ လက်ထက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းဦးဆောင်သည့် နှင်းဆီပါတီကို ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်း ယင်းကာလ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နှင်းဆီပါတီအား ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဟု အမည်ပြောင်းကာ ပါတီဝင်အင်အား (၃) သိန်းကျော်ဖြင့် ပြည်ထောင်စုအဆင့် ပါတီတစ်ခုအနေဖြင့် ပြန်လည်မှတ်ပုံတင်ရန် အဆင်သင့်ဖြစ်နေသည့်အနေအထားတွင်ရှိနေကြောင်း ယင်းပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပါတီကို ပြန်မှတ်ပုံတင်ဖို့ ဖြစ်လာတဲ့အနေအထားမှာ UDP ကို ဘယ်လို ပုံစံပြောင်းမှာလဲဆိုတော့ သူတို့ အကုန်ညှိပြီးပြီ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ သူတို့နဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေက Union Democracy Party ပေါ့ ၊ ဒီမိုကရက် ကနေ ဒီမိုကရေစီ ပါတီအနေနဲ့ နှင်းဆီလိုဂိုကို ပြန်သုံးပြီးတော့ ပြန်မှတ်ပုံတင်ဖို့အကုန်လုံးအဆင်သင့်ဖြစ်နေပြီဆိုတာကို ကြားပါတယ်။” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အဆိုပါ ပါတီအနေဖြင့် ပါတီဝင် အင်အား(၃) သိန်း(၂)သောင်းကျော် စုစည်းထားပြီးဖြစ်ကာ လာမည့် ရွေးကောက်ပွဲတွင် တတိယအင်အားစုအနေဖြင့်တိုင်းရင်းသား မဟာမိတ်ပါတီများနှင့် ပူးပေါင်းကာ ကြံ့ခိုင်ရေးပါတီအား ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ဦးကျော်မြင့် ဦးဆောင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယ အင်အားကြီး ပါတီအနေဖြင့် ကြံ့ခိုင်ရေးပါတီထက်ပင် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် သာလွန်စွာ ယင်းအချိန်က အာဏာရပါတီဖြစ်သည့် NLD ပါတီနှင့် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့် ဖမ်းဆီးခံခဲ့ရသည့်အပြင် ပါတီကိုပယ်ဖျက်ခံခဲ့ရသည့်အတွက် ၎င်းတို့၏ ကြိုးပမ်းမှုအောင်မြင်မှု မရှိခဲ့ပေ။

နှင်းဆီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဘဲ ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် နစကအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဆိုသည့် ကြွေးကြော်သံနှင့်အတူ ၎င်းဦးဆောင်ကျင်းပမည့် လာမည့်ရွေးကောက်ပွဲကို PR စနစ် ကျင့်သုံးသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည့်အတွက် လာမည့်ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် တစ်ပါတီ အစိုးရ မဟုတ်ဘဲ တိုင်းရင်းသားများ ပါဝင်နိုင်သည့် အမျိုးသားညွန့်ပေါင်း အစိုးရ ပုံသဏ္ဍန်ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများ၏ သုံးသပ်မှုများလည်း ရှိသည်။

ပါတီအား ပြန်လည် မှတ်ပုံတင်ရန်အတွက် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်က ထောင်အတွင်းမှနေ၍ ၎င်းနှင့် နီးစပ်သူများထံ ညွှန်ကြားထားပြီး ပါတီများနှင့် ပတ်သက်၍ မဟာမိတ် နည်းဗျူဟာများ ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နည်းဗျူဟာများ ထွက်ပေါ်လာရန် ရှိနေကြောင်း သိရသည်။

သို့သော် အဆိုပါ နည်းဗျူဟာများနှင့် ပတ်သက်၍ ပါတီမှတ်ပုံတင်ကျပြီး နောက်ပိုင်းမှသာ အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း နှင်းဆီပါတီနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်က အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီများအနေဖြင့် (၂) လအတွင်း ပါတီအဖြစ် ပြန်လည်မလျှောက်ထားပါက ပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်မည်ဟု ပြဌာန်းထားသည်။

ထို့အပြင် ပြည်ထောင်စုတစ်ခုလုံး စည်းရုံးမည့်ပါတီများအနေဖြင့် (၃) လအတွင်း ပါတီဝင်အင်အား (၁) သိန်း စည်းရုံးရမည်၊ပါတီရန်ပုံငွေကျပ်သိန်း (၁၀၀၀) ဘဏ်စာရင်းဖွင့်ထားပြီး ဖြစ်ရမည်ဟုလည်း ပြဌာန်းထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပါတီခေါင်းဆောင်များ အပါအဝင် ပါတီဝင်များသည် ထောင်ဒဏ်ကျခံနေရသူများ ၊အကြမ်းဖက်အဖွဲ့အစည်းများ ၊ မတရားသင်းများနှင့် ပတ်သက်ဆက်နွယ်သူများ ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် ဆက်စပ်သူများ မပါဝင်စေရဟုလည်း ကန့်သတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here