ဘုရားဖူးကားအား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့၊ သံဃာတော် ၁ ပါးနှင့်အရပ်သား ၁ ဦးတို့သေဆုံး

0
278

တနင်္သာရီတိုင်း၊ထားဝယ်မြို့မှ ဘုရားဖူးပြန်လာသည့်ကားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ သံဃာတော် ၁ ပါးနှင့်အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ပြီး အရပ်သား ၆ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ နေ့လည် ၃ နာရီခန့်က ကလိန်အောင်မြို့၊ရာဖူးသစ်ကျေးရွာနေ ဦးသန်းထွေးမောင်းကာ ကျေးရွာရှိ ဗုဒ္ဓသာသနာရက္ခိတကျောင်း၏ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌနှင့်တပည့်ဒါယကာ ၈ ဦးတို့သည် ထားဝယ်မြို့မှဘုရားများအားဖူးမြှော်ပြီးပြန်လာခဲ့ကြသည်။

ကလိန်အောင်မြို့ တောင်ဘက် ၁၄ မိုင်ခန့်အကွာ နှမ်းကြဲကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသဖြင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သား ၁ ဦးလည်းသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အရပ်သား ၆ ဦးတို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံးသူများ၏ရုပ်အလောင်းများနှင့်ဒဏ်ရာရသူများအား ထားဝယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများက ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဆရာတော်က ကားခေါင်းခန်းမှာလိုက်လာတာ သေနတ်နဲ့ပစ်ခံရတော့ ဘယ်လိုမှရှောင်တိမ်းလို့မရတော့တဲ့အနေအထားနဲ့ ပျံလွန်တော်မူနေတာကိုတွေ့ရတယ် သတင်းရရခြင်းပဲကယ်ဆယ်ရေးလုပ်ဖို့သွားခဲ့တာပဲ ဒါပေမယ့် ဆရာတော်ကပျံလွန်တော်မူနေပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here