အင်ဒိုနီးရှားတွင် နယူးဇီလန် လေယာဉ်မှူးအား ဓားစာခံအဖြစ် ဖမ်းထားသည်ဟု ပါပူဝါရှိ သူပုန်အဖွဲ့က ထုတ်ပြန်ထား

0
188

ဂျကာတာ၊ ဖေဖော်ဝါရီ ၇

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသရှိ ခွဲထွက်ရေးသမားများသည် နယူးဇီလန် လေယာဉ်မှူးတစ်ဦးအား ဖေဖော်ဝါရီ ၇ ရက် အင်္ဂါနေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လွတ်လပ်ရေးလိုလားသူ သူပုန်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်မှူး မောင်းနှင်လာသော ကုန်တင်လေယာဉ်ငယ်သည် ရုတ်တရတ် မီးလောင်ကျွမ်းလာသဖြင့် ဝေးလံခေါင်သီးသော ကုန်းမြင့်ဒေသတွင် ဆင်းသက်ခဲ့စဉ် ခွဲထွက်ရေးသမားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်များသည် အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး လေယာဉ်မှူးနှင့် လိုက်ပါလာသော ခရီးသည်ငါးဦးအား ရှာဖွေရန် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ထိုနေရာသို့ စေလွှတ်ထားကြောင်း ပါပူဝါပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အစ်ဂနေးရှပ် ဘန်နီ အဒီ ပရာဘိုဝေါ်က ပြောကြားထားသည်။

ဖမ်းဆီးခံရသူ လေယာဉ်မှူးမှာ ကပ္ပတိန် ဖိလစ် မာတန်စ် ဖြစ်သည်ဟု သိရပြီး ကျန်ခရီးသည် ငါးဦးမှာမူ ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်း ရှိ မရှိ မသေချာသေးကြောင်း ပါပူဝါရှိ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဟာရ်မန် တာရာမန်က ပြောသည်။

အနောက်ပါပူဝါ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TPNPB) သည် အဆိုပါ ဖမ်းဆီးမှုအတွက် တာဝန်ရှိကြောင်း ဝန်ခံထားပြီး အင်ဒိုနီးရှား အစိုးရက အနောက်ပါပူဝါဒေသ၏ လွတ်လပ်ရေးကို အသိအမှတ်မပြုမချင်း ထိုလေယာဉ်မှူးအား ပြန်လွတ်ပေးမည် မဟုတ်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ကပ္ပတိန်ဖိလစ်သည် အဆိုပါ သူပုန်အဖွဲ့၏ ဓားစာခံအဖြစ် ဒုတိယအကြိမ် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပြောထားသည်။ ပထမအကြိမ်မှာ ၁၉၉၈ ခုနှစ်တွင် ဖြစ်သည်ဟု သိရသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here