တရုတ်သည် Marvel ရုပ်ရှင်ကားများကို လေးနှစ်ကြာ ပိတ်ပင်ထားပြီးနောက် ပြန်လည်ရုံတင်ခွင့်ပေးလာ

0
191

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၇

တရုတ်နိုင်ငံသည် Marvel ကရိုက်ကူးသော စူပါးဟီးရိုးရုပ်ရှင်ကားများကို လေးနှစ်နီးပါး ပိတ်ပင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက် အင်္ဂါနေ့တွင် ရုပ်ရှင်ရုံများ၌ ပြန်လည်ပြသခွင့်ပေးခဲ့ကြောင်း သိရသည်။

ဒစ်စ်နီကုမ္ပဏီက ပိုင်ဆိုင်သည့် Marvel ၏ အလွန်ရေပန်းစား လူကြိုက်များသော ရုပ်ရှင်များကို ၂၀၁၉ ခုနှစ်မှစ၍ တရုတ်ရုပ်ရှင်ရုံများတွင် အကြောင်းပြချက် တိတိကျကျမပေးဘဲ ပြသခွင့်ပိတ်ပင်ခဲ့သည်။

ထိုသို့ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်တစ်ခု၏ ရုံတင်ပြသခွင့်ကို ပြန်လည်ရရှိလာခြင်းသည် ဒစ်စ်နီအတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ ရရှိမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သော “Black Panther” ဇာတ်ကားတစ်ကားတည်းပင်လျှင် တရုတ်ရုပ်ရှင်ရုံများ၌ ဒေါ်လာ ၁၀၅ သန်း ရရှိခဲ့သည်။

ယခုကဲ့သို့ ရုံတင်ခွင့်ပြန်လည်ရရှိလာခြင်းသည် တရုတ်ရုပ်ရှင်လောကကို အနှောက်အယှက်ဖြစ်စေသည့် တင်းကျပ်သော ကိုဗစ်လုံးဝပပျောက်ရေး မူဝါဒများအား ဖြေလျှော့လာခြင်းနှင့် တိုက်ဆိုင်နေသည်။ တရုတ်အစိုးရသည် ရုပ်ရှင်နယ်ပယ်တွင်သာမက နည်းပညာနယ်ပယ်တွင်လည်း လျှော့ပေါ့မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုလက်ရှိ တရုတ်ရုပ်ရှင်ရုံများတွင် နောက်ဆုံးထွက်ရှိသော “Black Panther: Wakanda Forever” ရုပ်ရှင်ကားအား ကြည့်ရှုရန် လာရောက်သူများဖြင့် စည်းကားနေပြီး ကမ္ဘာ့တစ်ဝန်းက ရုပ်ရှင်ချစ်သူများ စောင့်မျှော်နေသည့် “Ant-Man and the Wasp: Quantumania” ကိုလည်း တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၇ နေ့၌ ရုပ်ရှင်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here