ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အသက်သာဆုံးအတိုးနှုန်းဖြင့် ထုတ်ချေးပေးမည်

0
230

ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသူ၊နိုင်ငံသားများအားလုံးက ကမ္ဘာကြည့်ကြည့်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းရှိ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဆောင်ရွက်ဖို့ လိုအပ်တဲ့ ငွေကြေးအရင်းအနှီးတွေကို အသက်သာဆုံးအတိုးနှုန်းနဲ့ ထုတ်ချေးပေးသွားမှာဖြစ်လို့ အကျိုးရှိအောင် အသုံးချကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် MSME လုပ်ငန်းအတွက် နည်းပညာရရှိရေးကို လေ့လာဆောင်ရွက်ရန်လိုပြီး လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန် အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုနည်းပညာဘာသာရပ်များကိုသင်ကြားပေးမည်ဖြစ်၍ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး အတန်းပညာများမြင့်မားမှုရှိစေရန် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ဧရာဝတီတိုင်းအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အခြေခံကုန်ကြမ်းများရှိပြီးဖြစ်၍ ကုန်ထုတ်လုပ်မှုများတိုးတက်အောင်ဆောင်ရွက်နိုင်ပါက ဒေသတွင်းစီးပွားရေး ယခုထက် ပိုမိုတိုး တက်လာမည်ဟု ဆိုသည်။

“One Region One Product ကိုဆောင်ရွက်ရာမှာ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုပါတင်ပို့နိုင်ဖို့ ဆောင်ရွက်သွားရပါမယ် နိုင်ငံ့ စီးပွားရေးကိုဆောင်ရွက်ရာမှာ နိုင်ငံသူ၊နိုင်ငံသား အားလုံးက အမြင်ကျယ်ကျယ်နဲ့ ကမ္ဘာကြည့်ကြည့်မြင်ကြရမှာဖြစ်သလို အတူတကွ ဝိုင်းဝန်းကြိုးပမ်းသွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့၍ ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့၍ မိမိတို့အစိုးရမှ ပြည်တွင်းကုန်ထုတ်လုပ်မှုများနှင့်ရပ်တန့်ထားသည့် စက်ရုံများပြန်လည်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ ပြည်တွင်းလိုအပ်ချက်တွေဖြစ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို လုံ လောက်အောင်ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများအား ပြည်ပမှတင်သွင်းရသူ (Importer)အဆင့်မှ ပြည်တွင်းလိုအပ်ချက်ဖူလုံ ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ (Exporter)အဆင့်အထိ ရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထိုသို့ဆောင်ရွက်၍ ဝင်ငွေထွက်ငွေများမျှတမှုရှိလာပါက နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးကို အခြားနိုင်ငံများ၏ ထိန်းချုပ်မှုဖြင့်ဆောင်ရွက်၍မရဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here