မြန်မာ့ထောပတ်သီးကို မလေးရှားနိုင်ငံတစ်နိုင်ငံတည်းကိုသာ တင်ပို့နေဟုဆို

0
211

မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို လက်ရှိတွင် မလေးရှားနိုင်ငံတစ်နိုင်ငံတည်းကိုသာ MOU စနစ်ဖြင့် တင်ပို့နေကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ယခုနှစ် ထောပတ်သီးရာသီချိန်တွင် လေကြောင်းကုန်သွယ်မှုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ထောပတ်သီးတန်ချိန် ၅၀ ကို နှစ်သုတ်ခွဲ၍ တင်ပို့ထားပြီး နောက်ဆုံးကျန်သည့် အသုတ်ကို လာမည့်အပတ်တွင် ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်မှတ်ထိုးထားတာကတော့ တန် ၅၀ ပေါ့။ တင်ပို့ဖို့ကျကတော့ နောက်ဆုံးတစ်ခေါက်ကျန်သေးတယ်။ အဲဒါပြီးမှ စုစုပေါင်း ပေါင်းလို့ရမှာပေါ့။ နှစ်ခေါက်တော့ပို့ထားပါတယ် ကွန်တိန်နာနဲ့။ Normal Trade လေကြောင်းလိုင်းနဲ့ သွားတာပါ။ ၁၂ လပိုင်းစပို့တာပါ။ စိတ်ဝင်စားတဲ့နိုင်ငံတွေကတော့ အာရှမှာ ဒူဘိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား သူတို့ကအဓိကစိတ်ဝင်စားတဲ့သူတွေပေါ့။ အဓိကပြဿနာက ကမ္ဘာ့ပေါက်ဈေးက နိမ့်နေတယ်။ Local ဈေးကမြင့်နေတဲ့အတွက် မပို့နိုင်ဘူး”ဟု မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

မြန်မာ့ထောပတ်သီးတွေကို မလေးရှားသို့ နမူနာအနေဖြင့် စမ်းသပ်တင်ပို့ခြင်းဖြစ်ပြီး လေကြောင်းကနေတင်ပို့မှုကို ပြီးခဲ့သည့် ဒီဇင်ဘာလကနေ ဇန်နဝါရီအထိ တင်ပိုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် ထောပတ်သီးစိုက်ပျိုးသည့် တောင်သူများ စုဖွဲ့ထားသော Shan Avocado ကုမ္ပဏီတို့ပူးပေါင်းကာ တောင်သူများ တိုက်ရိုက်တင်ပို့ခြင်းဖြစ်ပြီး မှာယူသည့် မလေးရှားကုမ္ပဏီကနေ ထောပတ်သီး 1 Kg ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဒေါ်လာဈေးပေးဝယ်ယူမှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးလေ့ရှိကြောင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၌ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး၌ ပြင်ဦးလွင်၊ မိုးကုတ်ဒေသများတွင် စိုက်ပျိုးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here