ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းသီးနှံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ထား

0
189

ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

၂၀၂၂ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ခြောက်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် (၇) သိန်း (၇) သောင်းကျော်တင်ပို့ထားကြောင်း သိရသည်။

“ပြောင်းတင်ပို့မှုကတော့ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ပင်လယ်ရေကြောင်းက ပို့တာများပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကနေ ဇန်နဝါရီလအထိကို ပြောင်းတန်ချိန် (၇) သိန်း (၇) သောင်းကျော်တင်ပို့ထားတယ်။ တစ်လကို တန်ချိန် တစ်သိန်းနှစ်သောင်း၊ တစ်သိန်းရှစ်ထောင်လောက်ထိ တင်ပို့ပါတယ်။ ထိုင်းကတော့ တင်ပို့နေပါပြီ။ ဖေဖော်ဝါရီလဆန်းပိုင်းကနေစပြီး နယ်စပ်လမ်းကြောင်းတွေကရော။ပင်လယ်ရေကြောင်းကရော တင်ပို့နေပါပြီ”ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်ကပြောသည်။

လက်ရှိတွင်လည်း မြန်မာ့ပြောင်းတွေကို ဈေးကွက်အသစ်တိုးချဲ့၍ တင်ပို့နေကြောင်းလည်း သိရသည်။

မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ တင်ပို့မှုရှိသော်လည်း ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ရသည့် မတ်လ (၁) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်အထိသာ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် တစ်နှစ်လျှင် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျာ့ကျနေခြင်းဖြစ်ကြောင်း ကုန်သည်တွေ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here