ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောမီးလောင်၊ ထိခိုက်သူမရှိ

0
166

ရန်ကုန်တိုင်း၊ဒလမြို့နယ်ရှိ ဒလသင်္ဘောကျင်းအနီးတွင် ဖေဖော်ဝါရီ ၈ ရက်(ယနေ့)ညနေပိုင်းက သင်္ဘောတစ်စီးမီးလောင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဒလသင်္ဘောကျင်းအနီးတွင် သင်္ဘောမီးလောင်မှုဖြစ်ပွားနေသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီးနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီ ၇ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၂၁ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“သင်္ဘောနာမည်က ဗလကျော်စွာပါ မီးလောင်တာကို နာရီဝက်ကျော်လောက်ကြာအောင်တော့ငြှိမ်းခဲ့ရတယ် လူထိခိုက်တာတွေမရှိပါဘူး သင်္ဘောကတော့ပျက်စီးတာတွေမျသွားတယ် မီးသတ်တပ်ဖွဲ့ကတော့အခုစစ်ဆေးတာတွေလုပ်နေတယ်”ဟု ဒလမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ယနေ့တွင် ရန်ကုန်တိုင်းအတွင်း၌ မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊သိမ်ဖြူလမ်းရှိ Samsung Service Center ၊ နေ့လည် ၁ နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၄ ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ စက်ရုံတစ်ရုံတွင် Level 1 အဆင့်၊ နေ့လည် ၃ နာရီ ၄၄ မိနစ်၌ ကျောက်တံတားမြို့နယ်၊၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ကုန်သည်လမ်းတို့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here