ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပဲခူးနှင့် မန္တလေးတိုင်းရှိ X-Ray စက်နှစ်ခုတွင် ဖမ်းဆီးရမိ

0
364

ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ရှိ X-Rayနှင့် မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ် X-Ray စက်တို့တွင် ဖေဖော်ဝါရီ (၆) ရက်က အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ပဲခူးတိုင်း၊ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်‌ဆေးရေးဂိတ် X-Ray စက်တွင် ဖေဖေါ်ဝါရီလ (၆) ရက် မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ နေမျိုး (၃၈) နှစ်မောင်းကာ အောင်ကျော်မိုး(၂၅)နှစ် လိုက်လာသည့် Dyna ကားပေါ်တွင် ဝှက်၍ သယ်လာသော ငွေကျပ် ၃ ၇၃၂ သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း ၁၁ ကီလို)နှင့်စိတ်ကြွဆေးပြား ၂၈၈၆၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် ယင်းနေ့ ည (၉) နာရီခွဲတွင်လည်း မန္တလေးတိုင်း၊သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ X-Ray စက်တွင် တောင်ကြီးမြို့ဘက်မှသာစည်မြို့ဘက်သို့ မောင်းလာသည့် ခရီးသည် တင်ကားပေါ်ရှိ ဝါးခမောက်များအတွင်းမှ ငွေကျပ် ၁၀၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း(၁၂ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယင်းဘိန်းစိမ်းများအား ခရီးသည်တင်ကားပေါ်၌ လိုက်ပါလာသည့် ခရီးသည်
ဒိုမေးနီကို (၆၅) နှစ်မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ငွေကျပ် ၃၈၄၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား ဝေါမြို့မရဲစခန်းနှင့် သာစည်မြို့မရဲစခန်းတို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here