ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာ ၂၀ မှဒေသခံ ၁၇၀၀၀ ခန့်နေရပ်များအားစွန့်ခွာခဲ့ရပြီး အကူအညီများလိုအပ်နေဟု UN OCHA ထုတ်ပြန်

0
167

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာ ၂၀ မှဒေသခံ ၁၇၀၀၀ ခန့်သည် နေရပ်များအားစွန့်ခွာခဲ့ရသဖြင့် အကူအညီများလိုအပ်လျက်ရှိသည်ဟု UN OCHA Myanmar က ဖေဖော်ဝါရီ ၈ ရက်(ယနေ့)တွင်ထုတ်ပြန်ခဲ့သည်။

ကျေးရွာ ၂၀ မှဒေသခံ ၁၇၀၀၀ ခန့်သည် နေရပ်များအားစွန့်ခွာခဲ့ရပြီးနောက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ တောတောင်များထဲ၌ ယာယီခိုလှုံနေကြလျက်ရှိပြီး စားနပ်ရိက္ခာ၊ဆေးဝါးနှင့်အမိုးအကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကယားပြည်နယ်နှင့်ကရင်ပြည်နယ်အနှံ့အပြား၌ လုံခြုံရေးတင်းကျပ်ထားသဖြင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် ဝေးလံသည့်နေရာများတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအားအကူအညီပေးနိုင်ရန် အခက်အခဲများရှိနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် နေရပ်စွန့်ခွာနေရသူ ၁ ဒသမ ၂ သန်းရှိနေသည်ဟု ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here