ယနေ့ညပိုင်း၌ မိနစ်ပိုင်းသာခြား၍ ရန်ကုန်မြို့ရှိ မြို့နယ် ၂ခု တွင် မီးလောင်မှုများဖြစ်ပွားခဲ့ ၁ ဦးသေဆုံး ၄ဦးဒဏ်ရာရ

0
219

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်နှင့်အလုံမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၈ ရက်(ယနေ့)ညပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ည ၇ နာရီ ၃၈ မိနစ်ခန့်က တောင်ဉက္ကလာမြို့နယ်၊ ၁၄ရပ်ကွက်၊စီမံကိန်း ၁၊ သရဖီလမ်းတွင်မီးလောင်မှုဖြစ်ပွား၍ တောင်ဉက္ကလာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၇ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် ည ၇ နာရီ ၂၅ မိနစ်ခန့်ကလည်း အလုံမြို့ နယ်၊ ဌာနာရပ်ကွက်၊ နှင်းဆီလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ၈ လွှာတွင် မီးလောင်မှုဖြစ် ပွား၍ အလုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် ည ၇ နာရီခွဲ၌ Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြ၍ ည ၇နာရီ ၄ ၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ည ၈ နာရီ ၈ မိနစ်၌မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့တိုက်ခန်းက လူတွေကိုကယ်ထုတ်နိုင်ဖို့အခန်းထဲကိုသော့ဖျက်ပြီးဝင်ခဲ့ရတယ် အမျိုးသား ၄ယောက်နဲ့အမျိုးသမီး ၁ ယောက်ဒဏ်ရာရလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ပေးခဲ့ရပါတယ် ဆေးရုံရောက်တော့ အမျိုးသား၁ ယောက်က သေဆုံးသွားပါတယ် အမျိုးသမီးကလည်း စိုးရိမ်ရတဲ့အနေအထားပါ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်လည်း အဒဏ်ရာရထားတာတွေ့တယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယနေ့တွင် ရန်ကုန်တိုင်းအတွင်း၌ မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊သိမ်ဖြူလမ်းရှိ Samsung Service Center ၊ နေ့လည် ၁ နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၄ ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ စက်ရုံတစ်ရုံတွင် Level 1 အဆင့်၊ နေ့လည် ၃ နာရီ ၄၄ မိနစ်၌ ကျောက်တံတားမြို့နယ်၊၃၅ လမ်းနှင့် ၃၆ လမ်း ကြား၊ကုန်သည်လမ်း၊ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ဒလသင်္ဘောကျင်းအနီးရှိ သင်္ဘောတစ်စီးတို့တွင်လည်း မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here