မြန်မာသို့ နှစ်လအတွင်း ထိုင်းခရီးသွားအများဆုံးဝင်ရောက်လာဟု UMTA ဥက္ကဋ္ဌပြော

0
207

၂၀၂၃ ခုနှစ်၏ နှစ်လအတွင်း ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်မှုရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ခရီးသွားရာသီအစတွင် အစကောင်းခဲ့သော်လည်း ဒေသတွင်းမငြိမ်းချမ်းမှုများကြောင့် ပြည်ပခရီးသွားဧည့်သည်အချို့ ခရီးစဉ်ဖျက်သိမ်းမှုများလည်းရှိခဲ့သည်။

“ ပြည်ပခရီးသွားတွေအနေနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလထဲမှာ အများကြီးတိုးတက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက နည်းနေတုန်းပဲ။ ဝင်ရောက်မှုတွေရှိပေမယ့် အနောက်နိုင်ငံတွေနည်းတယ်။ ထိုင်းနိုင်ငံကအများအပြားဝင်ရောက်လာတာ တွေ့ရတယ်။ ထိုင်းခရီးသွားတွေအနေနဲ့ကတော့ ရန်ကုန်မြို့တွင်းနဲ့ ကျိုက်ထီးရိုးခရီးစဉ်တွေကိုပဲ သွားကြတာများတယ်။ တခြားခရီးစဉ်တွေကို သွားရောက်မှုက ရှိတော့ရှိတယ်။ နည်းတယ်။ တော်တော်လေးနည်းနေသေးတယ်။ ကမ်းခြေဒေသတွေကိုလည်း သွားရောက်ကြတာနည်းတယ်။ မြန်မာနိုင်ငံထဲကို ထိုင်းခရီးသွားတွေက အများဆုံးဝင်ရောက်တာဖြစ်ပါတယ်။ အပန်းဖြေခရီးအနေနဲ့လာကြတာများပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ကိုဗစ်ကာလကတည်းက ၂ နှစ်ကျော်ကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းသည် ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကစပြီး ပြည်တွင်း၊ ပြည်ပခရီးသွား အနည်းငယ် တက်လာခဲ့ပြီး ပြည်တွင်းခရီးသွားတွေအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလ ပိတ်ရက်ကာလတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင် စသည့်နေရာတွေနှင့် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး-အင်းလေး-ကလော ဒေသတွေကိုလည်း သွားရောက် လည်ပတ်မှုတွေ ရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်သို့ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ခွင့်ကို တားမြစ်ထားပြီး ပြည်တွင်းသို့ လာရောက်မည့် ပြည်ပခရီးသွားများ၏ ခရီးစဉ်ကိုလည်း ၁၀ ရက်ကြိုတင် တင်ပြရမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here