မြောက်ကိုရီးယားသည်စစ်ရေးပြအခမ်းအနား၌ တိုက်ချင်းပစ်ဒုံးနှင့်နည်းဗျူဟာမြောက် နျူလက်နက်များကိုထည့်သွင်းပြသခဲ့

0
150

ပေကျင်း၊ဖေဖော်ဝါရီ ၉

မြောက်ကိုရီးယားသည် ၎င်း၏စစ်တပ်တည်ထောင်ခြင်း ၇၅ နှစ်မြောက်နှစ်ပတ်လည်နေ့၌ တိုက်ချင်းပစ်ဒုံးများနှင့် နည်းဗျူဟာမြောက် နျူလက်နက်များပါဝင်သည့် စစ်ရေးပြပွဲတစ်ခုအားပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများကပြောကြားခဲ့သည်။

စစ်ရေးပြပွဲ၌ “ဟွာဆောင် – ၁၇” တိုက်ချင်းပစ်ဒုံးကျည်အသစ်လည်းပါဝင်ပြီး လွှတ်တင်ရာ၌ လောင်စာဆီဖြည့်သည့်တိုက်ချင်းပစ်ဒုံးထက် ပြင်ဆင်ချိန်နည်းသည့် လောင်စာအင်ဂျင်ပါဝါသုံးတိုက်ချင်းပစ်ဒုံးကျည်အသစ်ကိုလည်းထည့်သွင်းပြသခဲ့သည်။

စစ်ရေးပြအခမ်းအနားမတိုင်မီတစ်ရက်ကလည်း ကင်မ်သည် မြောက်ကိုရီးယားတပ်မတော်အရာရှိများနှင့်တွေ့ဆုံခဲ့ပြီး စစ်သည်များကို ချီးကျူးအားပေးစကားပြောကြားကာ မြောက်ကိုရီးယားတပ်မတော်သည် ကမ္ဘာပေါ်၌ အင်အားအတောင့်တင်းဆုံး စစ်တပ်ဖြစ်သည်ဟုလည်းပြောကြားခဲ့ကြောင်းသိရသည်။

စစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့်ဇနီးရီဆိုဂျူအပြင် ၎င်းတို့၏ဆယ်နှစ်အရွယ်သမီးဖြစ်သည့် ကင်မ်ဂျုံအေတို့တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

ယခုကဲ့သို့သမီးဖြစ်သူအား နေရာတိုင်း၌ပွဲထုတ်လာသည်ကိုကြည့်ခြင်းအားဖြင့် ကင်မ်ဂျုံအေသည်၎င်း၏နေရာ၌ဆက်ခံမည့်ခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးမှုများလည်းမြင့်တက်လာခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်၌ သားသမီးသုံးဦးရှိနိုင်ကြောင်းယူဆထားကြပြီး ၂၀၁၀ ပြည့်နှစ်ကမွေးဖွားခဲ့သော သားတစ်ဦးနှင့် ယခုလက်ရှိပွဲတိုင်း၌ပါဝင်နေသူ သမီးကင်မ်ဂျုံအေသည် ၂၀၁၃ ခုနှစ်ကမွေးဖွားခဲ့ခြင်းဖြစ်ပြီး အငယ်ဆုံးမှာ ၂၀၁၇ ခုနှစ်ကမှမွေးဖွားထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားမီဒီယာများ၌ဖော်ပြထားသည်။

နိုင်ငံတွင်းကျင်းပလေ့ရှိသည့် စစ်ရေးပြအခမ်းအနားများသည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန်သာမက နိုင်ငံ၏ လက်နက်နည်းပညာတိုးတက်မှုများကိုပါ ပြသရန်ရည်ရွယ်သည်ဟုလည်းဆိုသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here