ငလျင်လှုပ်ခတ်ပြီးနောက် ပထမအကြိမ်အဖြစ် ဆီးရီးယားနိုင်ငံသို့ ကုလ၏ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိ

0
293

အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများအား သယ်ဆောင်လာသောယာဉ်များသည် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့တွင် သူပုန်များထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဘတ် အယ်လ် ဟာဝါနယ်စပ်ရှိ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကုလသမဂ္ဂရဲ့ ပထမဆုံး ထောက်ပံ့ရေးပစ္စည်းယာဉ်တန်းဟာ ဒီနေ့ပဲဝင်ရောက်လာတယ်” ဟု နယ်စပ်ရှိ စာနယ်ဇင်းအရာရှိ မာဇန် အာလူ့ရှ် က ပြောသည်။

ရွက်ဖျင်တဲများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာပစ္စည်းများကို တင်ဆောင်လာသော တုကီးယေးဘက်မှ ကုန်တင်ကားခြောက်စီး ဆီးရီးယားဘက်သို့ ဖြတ်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း အေအက်ဖ် ပီသတင်းထောက်တစ်ဦးက ဆိုသည်။

အဆိုပါကုန်တင်ကားများတွင် အနည်းဆုံး လူ ၅,၀၀၀ အတွက် လိုအပ်သောစောင်များ၊ မွေ့ယာများ၊ ရွက်ဖျင်တဲများနှင့် အခြေခံကယ်ဆယ်ရေးပစ္စည်းပါဝင်သည်ဟု နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ထုတ်ပြန်ထားသည်။

သို့ရာတွင် သူပုန်ထိန်းချုပ်ရာဒေသများ၌ တာဝန်ထမ်းဆောင်နေသော ဝှိုက်ဟဲမက်စ် ကယ်ဆယ်ရေးအဖွဲ့က ရောက်ရှိလာသော ပစ္စည်းများတွင် ရှာဖွေကယ်ဆယ်ရေးများလုပ်ရန်အတွက်လိုအပ်သည့် ပစ္စည်းကိရိယာများ မပါဝင်လာသဖြင့် အင်မတန် စိတ်ပျက်မိကြောင်း တွစ်တာပေါ်တွင် ရေးသားထားသည်။

တုကီးယေးနှင့် ဆီးရီးယားနိုင်ငံတွင် ယခုလက်ရှိ ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်းမှာ နှစ်သောင်းကျော် ရှိလာပြီဖြစ်သည်။

Source: France24


LEAVE A REPLY

Please enter your comment!
Please enter your name here