တုကီယေးနှင့်ဆီးရီးယားငလျင်ကြောင့်သေဆုံးသူ ၂၁,၀၀၀ ကျော်ရှိပြီဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေ

0
214

ဂါဇီအန်တက်ပ်၊ဖေဖော်ဝါရီ ၁၀

တုကီယေးနှင့်အိမ်နီးချင်းဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ကြာသပတေးနေ့တွင် ၂၁,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း နှစ်နိုင်ငံထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

တနင်္လာနေ့က ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးများအောက်တွင် ပိတ်မိနေသော အသက်ရှင်သူများကို အချိန်နှင့်တပြေးညီရှာဖွေနေကြသော ကယ်ဆယ်ရေးသမားများအတွက် အခြေအနေများသည် ပိုမိုခက်ခဲလာသည်ဟုဆိုထားသည်။

ကုလသမဂ္ဂသည် ကြာသပတေးနေ့က ထောက်ပံ့ရေးပစ္စည်းများကို တုကီယေးနယ်စပ်မှတစ်ဆင့် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ အစ်ဒ်လစ်ဘ် ပြည်နယ်သို့ယူဆောင်လာခဲ့ကြောင်းလည်းသိရသည်။

အပျက်အစီးများအောက်၌ အသက်ရှင်ကျန်သူများရှိနေနိုင်သေးသည်ဟုယူဆရသဖြင့် နှစ်နိုင်ငံလုံး၌ စက်ယန္တရားများအသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးများဆက်လုပ်ဆောင်နေသည်။သို့သော် သေဆုံးမှုများလည်း ယခုထက်ပိုတိုးလာနိုင်သေးသည်ဟုလည်းခန့်မှန်း‌ထားသည်။

တုကီယေးအာဏာပိုင်များကသေဆုံးသူ ၁၈,၀၀၀ နီးပါးရှိကြောင်းအတည်ပြုထားပြီး ဆီးရီးယား၌ ၃,၀၀၀ ကျော်သေဆုံးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။တုကီယေးသည် ထိခိုက်မှုအများဆုံးဖြစ်ကာ ဒဏ်ရာရရှိသူပေါင်း ၇၂,၀၀၀ ကျော်ရှိနေပြီဟုလည်းဆိုထားသည်။

P.S တူရကီသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၌ ၎င်း၏နာမည်အား တုကီယေး ဟုခေါ်တွင်ရန်တရားဝင်ကြေငြာခဲ့သည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here