ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်းတွင် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက် ၅ ဦးသေ ၇ ဦးဒဏ်ရာ

0
248

ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နံနက်ပိုင်းက ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ၅ ဦးသေဆုံးပြိး ၇ ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်- မိုင်းဆတ်ကားလမ်း မိုင်တိုင်အမှတ် (၁၄/၂)နှင့်(၁၄/၃) အကြား၊ ပန်လီကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ ပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခြေအနေကတော်တော်ဆိုးပါတယ်၊ ပြင်းထန်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်၊ ဒဏ်ရာရသူတွေကို ခက်ခက်ခဲခဲကယ်လိုက်ရပါတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမူကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါ ကျား(၅)ဦးနှင့် မ(၇)ဦး စုစုပေါင်း(၁၂)ဦးအနက် ကျား (၂)ဦး၊ မ (၃)ဦး (သေဆုံး)ခဲ့ပြီး ကျား(၃)ဦး၊ မ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် တိုင်းနေလူမှုကူညီမှုအသင်းမှယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here