ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လွှတ်တော်လမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ဟု နစက ဥက္ကဋ္ဌပြော

0
346

ဖွဲ့စည်းပုံပြင်ဆင်‌ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားပြီး လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ရန် လွှတ်တော်လမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဖေဖေါ်ဝါရီ (၉) ရက်က ပြုလုပ်သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားသည့် အစည်းအ‌ဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ်ပါတယ်။ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီးတော့ မိမိတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို သွားရမှာဖြစ်တဲ့အတွက် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

နိုင်ငံတော် အာဏာကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ စတင်တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုချမှတ်ကာ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် တတိယအချက်ဖြစ်သည့်  စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၀၈ ခုနှစ်က ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဲပေးခွင့်ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမဲပေးပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် နားလည်လက်ခံထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်တော်တွင်းမှ ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း တပ်မတော်၏ ထောက်ခံမှု လိုအပ်သည့် အရေးကြီး ပုဒ်မများ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘဲ အချက်အနည်းငယ်သာ ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံသည် တပ်မတော်၏ အာဏာတည်မြဲရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်သည့်အတွက် ယင်းဥပဒေအား ဖျက်သိမ်းပစ်ကာ ဖွဲ့စည်းပုံ အသစ်တရပ် ပြန်လည်ရေးဆွဲ ပြဌာန်းသင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်းရှိနေပြီး တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်ရန် တာဝန်ရှိကြောင်း အခိုင်အမာ ပြောဆိုထားပြီးလည်း ဖြစ်သည်။

ယင်းသို့ ပြောဆိုထားသော်လည်း ယခုနောက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လက်ခံထားကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိနေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here