ရုရှား ကိုယ်ဝန်ဆောင်မိခင်များ အာဂျင်တီးနား နိုင်ငံကူးလက်မှတ် ရယူနိုင်ရန်အလုံးအရင်း ဖြင့်ဝင်ရောက်လာသည့်အပေါ် အစိုးရက တားမြစ်မှုများ ပြုလုပ်လာ

0
219

ဗွေနိ ဇာရီ၊ ဖေဖော်ဝါရီ ၁၁

အာဂျင်တီးနားအစိုးရသည် ရုရှားကိုယ်ဝန်ဆောင်မိခင်များက နိုင်ငံတွင်းသို့ ဝင်ရောက်လာကာ ကလေးမွေးဖွားခြင်းဖြင့် ၎င်းနိုင်ငံ၏ ပတ်ပို့စ်ရယူရန် ကြိုးပမ်းလာသည့်အပေါ် စိုးရိမ်ကြောင်း ဖော်ပြလာသည်။

မကြာသေးမီက ရုရှား ကိုယ်ဝန်ဆောင်မိခင်အများအပြားသည် ကလေးမွေးဖွားရန် အာဂျင်တီးနားနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်အတွက် အာဂျင်တီးနားအစိုးရက ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကို တားဆီးပိတ်ပင်မှုများ လုပ်ဆောင်လာခဲ့သည်။

အာဂျင်တီးနား လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ရုရှားကိုယ်ဝန်ဆောင်အမျိုးသမီး သုံးဦး၊ ကြာသပတေးနေ့တွင် နောက်ထပ် သုံးဦး စုစုပေါင်း ခြောက်ဦးကို နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်ရေးဌာန ညွှန်ကြားရေးမှူး ဖလိုရန်စီရာ ကာရီညာနိုက ပြောခဲ့သည်။

အဆိုပါအမျိုးသမီးများသည် ခရီးသွားအဖြစ်လာရောက်သည်ဟု လိမ်လည်ပြောဆိုသောကြောင့် ပိတ်ပင်ခဲ့သည်ဟု လဝက အာဏာပိုင်များက ဖြေရှင်းထားသည်။

အာဂျင်တီးနားသို့ ဝင်ရောက်လာသည့် ရုရှားကိုယ်ဝန်ဆောင်သည်များမှာ တစ်နေ့ထက် တစ်နေ့ များပြားလာပြီး မနေ့က တစ်ရက်တည်းကိုပင် ၃၃ ဦး ဝင်ရောက်လာသည်ဟု ကာရီညာနိုက ဆိုသည်။ ထို့ပြင် ပြီးခဲ့နှစ်တွင် ၎င်း၏နိုင်ငံတွင်းသို့ ရုရှားကိုယ်ဝန်ဆောင်မိခင်ပေါင်း ၁၀,၅၀၀ ဦးခန့် ဝင်ရောက်လာခဲ့သည်ဟု သူက ပြောခဲ့သည်။

တားမြစ်ခံရသည့် အမျိုးသမီးအချို့သည် နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here