ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ကို ဦးတည်သည့် နိုင်ငံရေးမျှော်လင့်ချက် ဖန်တီးပေးနိုင်မှသာ ပြည်သူများယုံကြည်ပူးပေါင်းလာမည်ဟု ပြည်သူ့ပါတီပြော

0
377

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံနိုင်ငံရေး ပြဿနာမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးပင်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခဲ့ခြင်း၏အကျိုးဆက်ဖြစ်ကြောင်း ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ပြောကြားလိုက်သည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၂) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကို ဦးတည်သည့် နိုင်ငံရေးမျှော်လင့်ချက် ဖန်တီးပေးနိုင်မှသာလျှင် နိုင်ငံရေးနည်းလမ်းအပေါ် ပြန်လည်ယုံကြည် သက်ဝင်လာပြီး ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

၁၉၆၂ ခုနှစ်မှစ၍ ဒီမိုကရေစီရေး ပြဿနာပေါ်ပေါက်လာခြင်းဖြစ်ပြီး တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ရေး ပြဿနာကို မဖြေရှင်းနိုင်မှုကြောင့်ပင် တိုင်းရင်းသားဒေသအသီးသီး၌ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီက ၎င်းတို့၏ ထုတ်ပြန်ချက်မှတဆင့် ပြောကြားထားသည်။

ထို့အပြင် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းခဲ့ကြသည့် အစဉ်အလာကို ပြန်လည်ဖော်ထုတ်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်းလည်း ထောက်ပြပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here