ကွမ်းယာဆိုင်၏ မီးကြွင်းမီးကျန်မှတဆင့် မီး လောင်ကျွမ်းမှုဖြစ်ကာ စျေးဆိုင်ခန်း ၂ ခန်းမီး လောင်ဆုံးရှုံးခဲ့မှု ဘူးသီးတောင်မြို့တွင်ဖြစ်ပွား

0
265

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့၊အမှတ်(၃)မြို့သစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းက ကွမ်းယာဆိုင်၏ မီးကြွင်းမီးကျန်မှတဆင့် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၃၅ မိနစ်ခန့်က ဘူးသီးတောင်မြို့၊အမှတ်(၃)မြို့သစ်ရပ်ကွက်၊ကမ်းနားလမ်းရှိ စျေးဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွား၍ ဘူးသီးတောင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၉ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ အခင်းဖြစ်နေရာစျေးဆိုင်ခန်းရှိ ဒေါ်ဆန်းဝင်းရီ(ခ)ဘုမ ပိုင်ဆိုင်သော ဓနိမိုး၊ဝါးထရံကာကွမ်းယာဆိုင်တွင် ထ မင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန်မငြှိမ်းဘဲထား ခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းယာဆိုင်မှမီးစတင်လောင်ကျွမ်းပြီးနောက် အနီးရှိ ဓနိမိုး၊ဝါးထရံကာ၊ပျဉ်ခင်း ကုန်စုံဆိုင်တစ်ဆိုင်အား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် စျေးဆိုင်ခန်း ၂ ခန်းမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်သေဆုံးတာမရှိပါဘူး မီးလောင်ပျက် စီးသွားတဲ့ ဆိုင်တွေမှာနေတဲ့လူတွေကို နီးစပ်ရာဆွေမျိုးများဆီ ယာယီနေထိုင်ဖို့ကူညီပြီးပို့ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ မီးစတင်လောင်ကျွမ်းခဲ့သည့် ကွမ်းယာဆိုင်ပိုင်ရှင်အား ဘူးသီးတောင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here