ဆီးရီးယားသို့ အရေးပေါ်အကူအညီများ ပေးပို့ရာတွင် ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂ ဝန်ခံလာ

0
125

ကာရမ်မာမရာစ်၊ ဖေဖော်ဝါရီ ၁၃

ကုလသမဂ္ဂသည် ငလျင်လှုပ်ခတ်ပြီးနောက် အကူအညီများ အလွန်အမင်း လိုအပ်နေသော ဆီးရီးယားရှိ စစ်ဘေးသင့်ဒေသများသို့ အရေးပေါ်အကူအညီများ ပေးပို့ရန် ပျက်ကွက်နေကြောင်း ဖေဖော်ဝါရီလ ၁၂ ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ထောက်ပံ့ရေး ပစ္စည်းများပါဝင်သော ကုလ၏ အရေးပေါ် အကူအညီယာဉ်တန်းကို ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းသို့ တုကီယေးမှတစ်ဆင့် မကြာသေးမီက ပေးပို့ခဲ့သော်လည်း နေအိမ် ဆုံးရှုံးခဲ့ရသော သန်းနဲ့ချီသော ပြည်သူများအတွက် နောက်ထပ် အကူအညီများစွာ လိုအပ်နေသေးကြောင်း ကုလ၏ ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်က ပြောသည်။

“ဆီးရီးယား အနောက်မြောက်ပိုင်းက ပြည်သူတွေအပေါ် ကျွန်တော်တို့ အခုထိ တာဝန်မကျေသေးပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက မျက်ကွယ်ပြုထားတယ်လို့ သူတို့ခံစားနေရမှာပါ။ မရောက်လာသေးတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို စောင့်ဆိုင်းနေရှာပါတယ်” ဟု ဂရစ်ဖစ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အာဏာပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့တို့၏ နှစ်အတော်ကြာ ဖြစ်ပွားနေသော အရေးအခင်းဒဏ်ကို ခံစားနေရရုံသာမက အနောက်အုပ်စု၏ အရေးယူ ပိတ်ဆို့မှုများပါ ခံနေရသော ဆီးရီးယားနိုင်ငံသို့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိရန် နှောင့်နှေး ကြန့်ကြာလျက်ရှိနေပေသည်။

အထူးသဖြင့် သူပုန်ထိန်းချုပ်ထားသော ဒေသများသို့ နိုင်ငံတကာအကူအညီများ ရောက်ရှိရန်အတွက် ဘတ် အယ်လ် ဟာဝါ နယ်စပ်ဂိတ်ကို အသုံးပြုနိုင်ပြီး အခြားနယ်စပ်ဂိတ်များမှာ တရုတ်နှင့် ရုရှားတို့၏ ဖိအားပေးမှုများကြောင့် ပိတ်ထားရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here