ဂျပန်နှင့် ဧည့်တပ်ဖွဲဝင်များ ထားရှိရေးသဘောတူညီချက်ကို လမ်းဖွင့်ထားဟုဖိလစ်ပိုင်သမ္မတ မားကို့စ် ပြောကြား

0
181

မနီလာ၊ ဖေဖော်ဝါရီ ၁၃

ဖိလစ်ပိုင်သမ္မတ မားကို့စ်သည် ၎င်းနိုင်ငံ၏ ပင်လယ်ရေကြောင်းလုံခြုံရေးကို မြှင့်တင်ပေးပြီး ဖိလစ်ပိုင်ငါးဖမ်းသမားများအတွက် အကာအကွယ် ပိုရမည်ဆိုလျှင် ဂျပန်နိုင်ငံနှင့် ဧည့်တပ်ဖွဲ့ဝင်များထားရှိရေး သဘောတူညီချက် (VFA) ကို ထားရှိသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

သို့ရာတွင် အခြားနိုင်ငံများအား ရန်စရာရောက်မည်ကို မလိုလားသည့်အတွက် တိုကျိုနှင့် အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ပါက သတိထားကာဆောင်ရွက်သွားမည်ဟု မားကို့စ်က ငါးရက်တာ ဂျပန်ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောခဲ့သည်။

“တကယ်လို့ VFA က ဖိလစ်ပိုင်ကို ကာကွယ်ဖို့ အထောက်အကူဖြစ်မယ်ဆိုရင်ပေါ့၊ ဥပမာအားဖြင့် ငါတို့ ငါးဖမ်းသမားတွေ၊ ငါတို့ရဲ့ ရေကြောင်းပိုင်နက်ကို ကာကွယ်ပေးမယ်ဆိုရင် လက်မခံစရာအကြောင်းမရှိပါဘူး” ဟု မားကို့စ်က ဖိလစ်ပိုင်သို့မပြန်ခင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကနှင့် VFA ပြုလုပ်ထားပြီး ဂျပန်ကမူ ဩစတြေးလျ၊ ဗြိတိန်တို့နှင် VFA ပြုလုပ်ထားသည်။ VFA သည် ဖိလစ်ပိုင်တွင် ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်နိုင်ရန်အတွက် အလှည့်ကျဝင်ရောက်ခွင့်ပေးထားသည်။

ထို့ပြင် မကြာသေးမီကမှ အမေရိကအား VFA အရ ဖိလစ်ပိုင်၌ နောက်ထပ် စစ်အခြေစိုက်စခန်းများ တိုးချဲ့ခွင့်ပေးခဲ့သည့် မားကို့စ်၏ ဆုံးဖြတ်ချက်အပေါ် ဒေသတွင်းတည်ငြိမ်မှုကို အနှောက်အယှက်ဖြစ်စေသည်ဟု တရုတ်က ဝေဖန်ထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here