၁၅ ရက်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် မော်တင်စွန်းစေတီတော်မြတ်ကြီးအား ရွှေဆေးသင်္ကန်းကပ်လှူကာရောင်တော်ဖွင့်လျက်ရှိ

0
294

ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း​စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ မတ် ၅ ရက်အထိ ၁၅ ရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။

ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကော်မတီများဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျင်းပနိုင်ရန် ဆံတော်ရှင်မြတ်မော်တင်စွန်း​စေတီတော်မြတ်ကြီးအား လက်ရှိအချိန်၌ ရွှေဆေးသင်္ကန်းကပ်လှူကာရောင်တော်ဖွင့်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူများအဆင်ပြေစေရန် ရေလမ်းခရီးအတွက် ကမ်းရိုးတန်းရေယာဥ်များ၊ကုန်းလမ်းခရီးအတွက် အဝေးပြေးခရီးသည်တင်(Express) ကားများပြေးဆွဲပေးသွားမည်ဖြစ်ကာ ပုသိမ်-ငွေဆောင်ကားလမ်း၏ မိုင်တိုင်အမှတ် ၉၅/၆ လမ်းခွဲမှတဆင့် စေတီတော်ကြီး၏ရင်ပြင်တော်အထိသို့လည်း လွယ်ကူစွာတိုက်ရိုက်လာရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်း/ပြည်ပဘုရားဖူးများ အဆင်ပြေစွာတည်းခိုနိုင်ရန် စေတီတော်၏ အနောက်ဘက်ကမ်းခြေတွင် ဟိုတယ်များဆောက်လုပ်၍ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား ယခုနှစ်တွင် မဟာမြိုင်တောရနဲ့မှော်ဘီမြို့နယ်သဲဖြူဓမ္မရိပ်သာဆရာတော်ဘုရားကြီး၏ လမ်းညွှန်ဦးဆောင်မှုဖြင့် စေတီတော်မြတ်ကြီးရင်ပြင်တော်အား မြေထိန်းနံရံများတိုးချဲ့ထားကြောင်း သိရသည်။

မြတ်စွာဘုရားရှင်၏ ဆံတော်(၂)ဆူအား ဇေယျသေနနဂါးမင်းကြီးမှတန်ခိုးတော်ဖြင့်ပင့်ဆောင်၍ လူ၊နတ်၊နဂါး၊ဆင်ဖြူတော်များနှင့်ခုနှစ်ရက်သားသမီးများက မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးကို တည်ထားပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here