ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးဖြင့် ရောင်းပေးရမည်ဆိုပါက ဆန်တစ်အိတ်လျှင် မြန်မာငွေတစ်သောင်း ဆုံးရှုံးနစ်နာသွားနိုင်ဟုဆို

0
386

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချခြင်းမှ ရရှိသည့် ပို့ကုန်ရငွေများမှ (၆၅) ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် လဲပေးရမည်ဆိုပါက မြန်မာငွေတန်ဖိုး တစ်သောင်းကျပ် ဆုံးရှုံးနစ်နာသွားနိုင်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

“ဒီကနေ့ဆိုရင် တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၄၂၆ ကျပ်ရတယ်။ ဒါပေမယ့်လကုန်လို့ရှိရင် Export money ပို့ကုန်ရငွေရဲ့တန်ဖိုးကို ဗဟိုဘဏ်သတ်မှတ်ချက် ၆၅-၃၅ သတ်မှတ်မယ်လို့ ကြားတယ်။ ၆၅-၃၅ သတ်မှတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတော့ တရုတ်ပြည်ကိုဆန်ရောင်းလို့ ၁၀၀ ရရင် ဗဟိုဘဏ်သတ်မှတ်ချက် တယွမ်ကို ၃၀၈ ကျပ်နဲ့လဲရမယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပြင်ပပေါက်ဈေးအတိုင်းရောင်းခွင့်ရှိတယ်။ အကြမ်းဖျင်းပြောရရင် ဆန်တစ်အိတ်ကို မြန်မာငွေတစ်သောင်းလောက် ဆုံးရှုံးနစ်နာသွားတာကို တွေ့ရှိရပါတယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌဦးမင်းသိမ်းကပြောသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြင့် သွားနေပြီး Export ရငွေတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို လိုင်စင်ရသည့် ပုဂ္ဂလိကဘဏ်မှာသော်လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်မှာသော်လည်းကောင်း၊ အပြင်ပေါက်ဈေးအတိုင်းလဲလှယ်ခွင့်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ မူဝါဒသတ်မှတ်ချက်သည် ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်၍ တရုတ်-မြန်မာနယ်စပ် ဆန်၊ဆန်ကွဲ ပို့ကုန်ရငွေများအား ၆၅ ရာခိုင်နှုန်း – ၃၅ ရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်နိုင်ချေရှိကြောင်း၊ ယင်းကြောင့် ဆန်ကုန်သည်၊လုပ်ငန်းရှင်တွေအနေဖြင့် ဆန်နှင့် ဆန်ကွဲများ အဝယ်မလောရန်အတွက် ကြိုတင်တင်ပြအပ်ပါကြောင်း အသိပေးထားသည်။

ယင်းသတ်မှတ်ချက်သည် နယ်စပ်ပို့ကုန် ဆန်၊ဆန်ကွဲ ဈေးနှုန်းတွေ ကျဆင်းလာနိုင်ကြောင်း ကုန်သည်များကသုံးသပ်မှုများရှိနေပြီး၊ လက်ရှိနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေမှာ ဗဟိုဘဏ်ပြင်ပပေါက်ဈေးဖြင့်ရရှိနေခြင်းဖြစ်သည်။

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် (၂,၁၀၀) ကျပ် သတ်မှတ်ထားသော်လည်း ဗဟိုဘဏ်ပြင်ပငွေကြေးဈေးကွက်တွင် (၂,၈၅၀) ကျပ်ခန့်​ပေါက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here