ပုလောမြို့နယ်တွင် အသက် (၁) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အုပ်ချုပ်ရေးမှူး မိသားစုဝင် (၇) ဦး အသတ်ခံရ

0
263

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာတွင် အသက်(၁)နှစ်အရွယ် ကလေးငယ်အပါအဝင် အုပ်ချုပ်ရေးမှူး၏မိသားစုဝင် (၇) ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက် နံနက် (၂) နာရီခန့်က ကျောက်လုံးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ နေအိမ်သို့ လက်နက်ကိုင်ဆောင်ထားသူများ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ နေအိမ်အတွင်း အိပ်ပျော်နေသည့် မိသားစုဝင် (၇) ဦး သေဆုံးခဲ့ပြီး ‌ဦးမြင့်အောင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဦးမြင့်အောင်၏ဇနီးဖြစ်သူ ဒေါ်ကြင်နွဲ့ (၆၁)နှစ်၊ သမီးဖြစ်သူ မသန်းသန်းမော် (၄၁) နှစ်၊ မောင်နေထက်သိန်း (၁၇) နှစ်၊ မောင်ဇေယျာအောင် (၁၆) နှစ်၊ မောင်စိုးမင်းပိုင် (၁၃) နှစ်၊ မမေဇင်ဖြူ (၉) နှစ်၊ မောင်သားသား(၁) နှစ်တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေအိမ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ခတ်မှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပြီး ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များက ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိတွင် အဆိုပါ ဒေသအတွင်း လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်ထားပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံလုံခြုံရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here