တရားမဝင်ဖွင့်လှစ်ရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်မှတဆင့်မီးလောင်ကျွမ်းမှုဖြစ်ကာ နေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့မှု ပုသိမ်ကြီးမြို့နယ်တွင်ဖြစ်ပွား

0
156

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ညောင်ပင်ကုန်းကျေးရွာတွင် တရားမဝင်ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်မှတဆင့် မီးလောင်ကျွမ်းခဲ့မှု ဖေဖော်ဝါရီ ၁၃ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ပုသိမ်ကြီးမြို့နယ်၊ညောင်ပင်ကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ညနေ ၄ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုသည် တရားမဝင်ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်မှတဆင့်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၁ လုံးမှာ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့သတင်းရလို့ ချက်ခြင်းသွားပြီးဝိုင်းငြှိမ်းပေးခဲ့ပါတယ် သိရသလောက်ဆိုရင် မီးစလောင်တာက ဘတ္ထရီပန့်နဲ့ရောင်းတဲ့စက်သုံးဆီဆိုင်ကလို့သိရတယ် အခု အဲဒီဆိုင်ပိုင်ရှင်ကတော့ ထွက်ပြေးသွားပြီ အမှုဖွင့်ထားတယ်လို့သိထားတယ် လူထိခိုက်သေဆုံးတာတော့မရှိပါဘူး”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များတွင် နေထိုင်သူများအား တာဝန်ရှိသူများက ၎င်းတို့၏ ဆွေမျိုးများအိမ်သို့ကူညီပို့ဆောင်ပေးထားကာ လိုအပ်သည်များကို ကူညီပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here