ဆီးရီးယားငလျင်ကယ်ဆယ်‌ရေးအတွက် တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကူညီပေးနေဟုရုရှားပြောကြား

0
271

လွန်ခဲ့သည့်တစ်ပတ်ကျော်က လှုပ်ခတ်ခဲ့သော ငလျင်အတွက် ရုရှားစစ်မှုထမ်း ၃၀၀ ကျော်နှင့်အထူးစစ်လက်နက်ကိရိယာတပ်ဖွဲ့ ၆၀ ကျော်တို့ဖြင့် ဆီးရီးယားကိုကူညီပေးနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိငလျင်နှင့် နောက်ဆက်တွဲငလျင်များလှုပ်ခတ်မှုကြောင့် တုကီ‌ယေးနှင့်ဆီးရီးယားတွင် လူပေါင်း ၄၁,၀၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက်မှာ အလျင်အမြန်တိုးလာနေ‌ကာအပျက်အစီးများအတွင်းမှ အသက်ရှင်သူများကို ကယ်ဆယ်နိုင်မည့်အလားအလာမရှိသလောက်ပင်ဖြစ်လာခဲ့သည်။

ဆီးရီးယား၌တပ်စွဲထားသည့် ရုရှားတပ်ဖွဲ့ဝင်များသည် မြေငလျင်အပျက်အစီးများကို ရှင်းလင်းရန်နှင့်ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

အစားအသောက်များနှင့်ပိုးသတ်ဆေးများအပြင် အခြားလိုအပ်သောပစ္စည်းများကိုလည်း အနောက်မြောက်ပိုင်း အလက်ပိုမြို့ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနများသို့ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဘေးဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ဆီးရီးယားအာဏာပိုင်များနှင့် အဆက်အသွယ်ရှိသည်ဟုလည်း ခရင်မလင်ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here