မီးနီဖြတ်မောင်းသည့် ခရီးသည်တင် YBS ယာဥ်မောင်းများအား ယာဉ်မောင်းအဖြစ်မှ ရာသက်ပန် ထုတ်ပယ်မည်

0
128

ရန်ကုန်တိုင်းအတွင်း နေ့စဥ်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS ယာဥ်မောင်းများအနက် မီးနီဖြတ်မောင်းသည့် ယာဥ်မောင်းများအား ယာဥ်မောင်းအဖြစ်မှရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ(၂/၂၀၂၃) အား YRTC ရုံးတွင် ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၉ နာရီခွဲကပြုလုပ်ရာတွင် YRTC ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုမှပြောကြားခဲ့ခြင်းဖြစ်သည်။

မီးနီဖြတ်မောင်းရာတွင် တဖက်ယာဉ်ကြောမှမီးစိမ်း၍ထွက်လာသော ယာဉ်များဖြင့်ထိပ်တိုက်တွေ့ကာ မဖြစ်သင့်သည့်ဆုံးရှုံးမှုများကြုံတွေ့နေရသည်ဟု ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။

“မီးနီဖြတ်သန်းမောင်းတာကို YRTC က လုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး စောင့်ကြပ်အ‌ရေးယူရာမှာလည်း နည်းပညာမြင့် CCTV record တွေနဲ့အရေးယူတဲ့အတွက် သက်သေအခိုင်အလုံနဲ့အရေးယူတာပါ မီးနီဖြတ်မောင်းတဲ့ယာဥ်မောင်းကို ယာဉ်မောင်းအဖြစ်ကနေ ရာသက်ပန်ထုတ်ပယ်တဲ့အထိ ထိရောက်စွာအရေးယူမှာပါ”ဟု YRTC ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုကပြောသည်။

YRTC ၏ အဓိကရည်မှန်းချက်ဖြစ်သည့် “ဘေးကင်းလုံခြုံပြီးဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်”ဖြစ်ထွန်းလာစေရန် YBS စနစ်၏ အဓိကမောင်းနှင်အားမှာ ယာဉ်မောင်းများဖြစ်သည်ဟု ပြောသည်။

ယင်း ယာဉ်မောင်းများ၏လက်တွင် လမ်းကြောင်းတစ်ခေါက်လျှင် ခရီးသွား ၅၀/၆၀ ခန့်မှ မိမိတို့၏အသက်များကိုပုံအပ်၍ သွားလာနေကြရသဖြင့် ယာဉ်မောင်းများအနေဖြင့် ခရီးသွားများအား ကျေးဇူးရှင်များအဖြစ် လိုရာခရီးသို့ဘေးအန္တရာယ်ကင်းစွာပို့ဆောင်ပေးရမည့် တာဝန်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

YRTC ကော်မတီဝင်(၄)ဦးမောင်မြို့နှင့်စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဌာနမှူးဦးဝင်းနိုင်တို့မှလည်း ယာဉ်စည်းကမ်းဖောက်ဖျက်သည့်(မီးနီဖြတ်၊မဆင်မခြင်မောင်း၊သတ်မှတ်လမ်းကြောင်းမမောင်း၊အရှိန်ပြင်းမောင်း)ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here