ဘူဂေးရီးယား၌ ကုန်ကားထဲအသက်ရှူကြပ်သေဆုံးနေသည့် ရွှေ့ပြောင်းလုပ်သား ၁၈ ဦးအားတွေ့ရှိ

0
149

လော်ကိုစကို၊ဖေဖော်ဝါရီ ၁၈

ဘူဂေးရီးယားအာဏာပိုင်များသည် ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင်သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးပေါ်၌ အသက်ရှူကြပ်ကာသေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး၏ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါကားပေါ်၌ စုစုပေါင်းရွှေ့ပြောင်းလုပ်သား ၅၂ ဦးအား သစ်သားပြားများအောက်၌ ဝှက်ပြီးတင်ဆောင်လာခြင်းဖြစ်သည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

လတ်တလောကနဦးလေ့လာချက်များအရ သေဆုံးသူများသည် နေရာကျဉ်းလေးတစ်ခုအတွင်း လူအများအပြားတိုးဝှေ့လိုက်လာရသောကြောင့် အသက်ရှူကြပ်ကာသေဆုံးခြင်းဖြစ်သည်ဟု အစိုးရဒုတိယ ရှေ့နေချုပ်ကပြောကြားခဲ့သည်။

သေဆုံးသူများသည်၎င်းတို့၏ရုပ်အလောင်းများအားမတွေ့ရှိမီ ၁၀ နာရီနှင့် ၁၂ ကြားကတည်းကသေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့အားတရားမဝင်ခေါ်ဆောင်လာသူများမှာမူ ထိုသူများသေဆုံးသွားသည်ကိုသိကတည်းက ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသော်လည်း သံသယတရားခံလေးဦးအား ထိန်းသိမ်းထားသည်ဟုဆိုသည်။

ရွှေ့ပြောင်းလုပ်သား ၅၂ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ၃၄ ဦးကိုဆေးရုံသို့ပို့ထားပေးသည်ဟုလည်းဆိုသည်။၎င်းတို့သည် ရာသီဥတုအအေးဒဏ်နှင့်စိုစွတ်မှုကို ခံစားနေရပြီး လတ်တလောကာလအတွင်း အစားလဲမစားထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူများအနက် အသက် ရှစ်နှစ်၊ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင်သည်ဟုဆိုသော်လည်း အာဏာပိုင်များကမူ သေဆုံးသူများအနက် အသက်အငယ်ဆုံးမှာဆယ်ကျော်သက်အရွယ်သာဖြစ်သည်ဟုဆိုကြသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here