လွိုင်လင်မြို့တွင် Crown ကားပေါ်သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
160

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့တွင် Crown ကားပေါ်သိုဝှက် သယ်ဆောင်လာသော ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက်က လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၊ ပင်လုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကြည်စိုး မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ခွန်စောနိုင်(ခ)ခွန်ပန်းလှိုင်၊ ခွန်၀မ်းတူး နှင့် ခွန်အောင်ကျော်ဇေယျ(ခ) ကိုတလိုင်း တို့အား ပင်လုံမြို့၊ မင်္ဂလာရေကန်အနီးတွင် CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့ဖြင့် လည်းကောင်း၊ ည ၈ နာရီအချိန်တွင် ၀င်းမြင့် အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ကြည်စိုး(၃၀)နှစ်၊ ခွန်စောနိုင်(ခ) ခွန်ပန်းလှိုင်(၄၉)နှစ်၊ ခွန်၀မ်းတူး(၂၆)နှစ်၊ ခွန်အောင်ကျော်ဇေယျ(ခ)ကိုတလိုင်း(၄၃)နှစ် နှင့် ၀င်းမြင့်(၄၁)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here